စက်တင်ဘာ ၆ရက်၊ သပိတ်ကျင်း
သပိတ်ကျင်းမြို့ကို သိမ်းပိုက်ထားပြီးနောက် တိုက်ပွဲရပ်တန့်ထားတဲ့ စစ်ကောင်စီတပ်ဟာ အင်အားတွေ ထပ်မံဖြည့်တင်းပြီးနောက် မန္တလေး-မိုးကုတ်လမ်းမကြီးကို ထိန်းချုပ်ဖို့ မြေပြင်နဲ့ဝေဟင်ကနေ ထိုးစစ်ဆင်တိုက်ခိုက်နေပြီး အခု လမ်းမကြီးပေါ်မှာရှိတဲ့ ဇရပ်ကွင်းနဲ့ လိပ်ကျက ကျေးရွာခံတွေ ထွက်ပြေးတိမ်းရှောင်နေကြရတယ်လို့ ဆိုပါတယ်။
“သူတို့ မထိုးတာကြာပြီ။ ဒရုန်းတွေနဲ့ပဲ လာလာပစ်တာ။ အခုတော့ သူတို့အင်အားတွေ လက်နက်တွေဖြည့်ပြီး ပြည့်လို့ ထိုးလာတာဖြစ်မယ်။ ဒီမနက် တိုက်ပွဲတော်တော်ကိုပြင်းထန်နေတယ်။ လမ်းလယ်ကျစ်ရွာဘက်မှာ ဖြစ်နေတာ။ Y 12 လေယာဉ်တွေနဲ့လည်း အဲတိုက်ပွဲဖြစ်တဲ့နေရာတွေကို ဆက်တိုက်လာပစ်နေတာ။ လမ်းမကြီးပေါ်ရောက်ရင်တော့ မလွယ်တော့ဘူး။ မရောက်ဖို့ပဲ ဆုတောင်းရမယ်”လို့ ဆိုပါတယ်။
လက်ရှိမှာ သပိတ်ကျင်းမြို့နယ်အတွင်း စစ်ကောင်စီရဲ့ ၇ မိုင်တပ်စခန်း၊ ကျောက်ကြီးတပ်စခန်း၊ တန်းမြင့်လေ့ကျင်းရေးသင်တန်းကျောင်းအမှတ်- ၁၃ တို့ရှိနေပြီး အဲကနေ ထိုးစစ်ဆင်လာနေတာ ဖြစ်ပြီး တော်လှန်ရေးတပ်တွေ ပူးပေါင်းခုခံနေကြဆဲ ဖြစ်ပါတယ်။
အခုထိုးစစ်ဟာ မန္တလေး-မိုးကုတ်လမ်းမကြီးကို ထိန်းချုပ်ဖို့ဖြစ်ပြီး မန္တလေးPDFရဲ့ ထောက်ပို့လမ်းကြောင်းကို ဖြတ်တောက်တာလည်း ဖြစ်နိုင်တယ်လို့ မြေပြင်မှာ ရှိနေသူတွေက ပြောပါတယ်။
စစ်ကောင်စီတပ်အနေနဲ့ မန္တလေး-မိုးကုတ်လမ်းမကြီးကို ထိန်းချုပ်နိုင်ရင် လက်ပန်လှ၊စဉ်ကူးတို့လည်း ပိတ်မိသွားမှာဖြစ်ပြီး အသွားအလာတွေလည်း ပိတ်မိသွားမှာ ဖြစ်ပါတယ်။
ဒါပေမယ့် တော်လှန်ရေးတပ်တွေအနေနဲ့ စစ်ကောင်စီတပ်တွေအနေနဲ့ လမ်းမကြီးကိုမထိန်းချုပ်ရရေးအတွက် ဆက်လက်ခုခံကာကွယ်သွားမယ်လို့ ဆိုပါတယ်။
ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။