မြတ်နိုး၊ ဇူလိုင် ၆၊ ဖားကန့်
ကချင်ပြည်နယ် ဖားကန့်ဒေသမှာ ဇူလိုင်လ ၄ ရက်နေ့ကစ တိုက်ပွဲ နေ့စဉ်ဆက်တိုက် ဖြစ်ပွါးလာနေပြီး အရပ်သားထိခိုက်သေဆုံးမှုတွေရှိကြောင်း ဒေသခံတွေဆီက သိရပါတယ်။
“ဒီနေ့ ဇူလိုင်လ ၆ ရက်နေ့ မနက် ၆ နာရီခွဲ လောက်ကစ မော်ဝမ်းလေး ကျောက်စိမ်းတောင်ကုန်းပေါ်ဆွတ်ငိုင်ယာန်ကြား၊ တပ်မကုန်းပေါ် တွေဘက် လက်နက်အကြီး၊ အသေး ပစ်ခတ်သံတွေ ကြားနေရပြီ” လို့ ဒေသခံ တစ်ဦးက ပြောပါတယ်။
မနေ့ ဇူလိုင်လ ၅ ရက်နေ့ည သန်းခေါင်ယံ အထိ မော်မောင်းလယန်နဲ့ ရတနာမြေစာပုံ (အမှိုက်ပုံ)ဘက် စက်သေနတ်တွေနဲ့ပါ အတွဲလိုက် တရစပ် ဆက်တိုက်ပစ်နေသံ ကြားရတယ်လို့ ဆိုပါတယ်။
နှစ်ရက်တိုက်ပွဲအတွင်း အေးမြသာယာအုပ်စုမှာ အရပ်သား ၂ ဦး သေဆုံးမှုရှိခဲ့ပြီး မနေ့ ဇူလိုင်လ ၅ ရက်နေ့ မွန်းလွဲပိုင်းအထိ သေဆုံးသူတွေရဲ့ ရုပ်အလောင်းတွေ သင်္ဂြိုလ် ပေးနိုင်ခြင်း မရှိသေးဘူးလို့ ဒေသခံတွေက ပြောပါတယ်။
“ဖားကန့် ဒေသမှာ စစ်ကောင်စီတွေ နေရာ ပြန်လိုက်ယူနေတာ။ စစ်ကောင်စီတွေ အရင်က လက်လွှတ် ဆုံးရှုံးခဲ့ရတဲ့နေရာ ပြန်သိမ်းယူချင်နေတာ။ တနေရာရပြီးရင် နောက်တနေရာ ပြန်သိမ်းဖို့ပြင်နေတာ။” လို့ ဒေသခံ လူငယ် တစ်ဦးက ပြောပါတယ်။
စစ်ကောင်စီတပ်တွေက တိုက်ပွဲဖြစ်တဲ့ နေရာဘက်တွေကို ဖားကန့် ဗျူဟာကုန်းကနေ လက်နက်ကြီး ပစ်ကူပေးနေတယ်လို့ သူကပြောပါတယ်။
တိုက်ပွဲကြောင့် မော်မောင်းလယန်ဘက်က ရွာတွေတော့ အများစု တိမ်းရှောင်ကြပြီလို့ ဆိုပါတယ်။
ဖားကန့်ဒေသကို အပြည့်အဝ ပြန်လည် စိုးမိုးနိုင်ဖို့ စစ်ကောင်စီဘက်က အင်အားထပ်ဖြည့်ပြီး စစ်မျက်နှာ သုံးခုဖွင့်ဖို့ ပြင်ဆင်နေတာတွေ့ရတယ်လို့ ကေအိုင်အေနဲ့ နီးစပ်သူ တစ်ဦးက ပြောပါတယ်။
လက်ရှိ စစ်ကောင်စီက မော်မောင်းဘွမ်၊ လမောင်ကုန်းတွေ ပြန်ရရှိရေး စစ်အင်အားတိုးပြီး လှုပ်ရှားနေသလို ကေအိုင်အေနဲ့ ပူးပေါင်း တော်လှန်ရေးအင်အားစု ဘက်ကလည်း လမောင်ကုန်း လက်မလွှတ်ရရေး ကြိုးပမ်းနေလို့ ဒေသတွင်း တိုက်ပွဲပြင်းထန် နေတာဖြစ်ကြောင်း ဒေသခံတွေဆီက သိရပါတယ်။
ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။