မြတ်နိုး၊ စက်တင်ဘာ ၁၂
ကချင်ပြည်နယ် ဝိုင်းမော်မြို့နယ်၊ လုမြန်ရွာနဲ့ ဆော့လော်မြို့နယ် လန်ဆယ်လမ်းဘက် အခုရက်ပိုင်းအတွင်း တိုက်ပွဲ ဆက်လက်ပြင်းထန်နေကြောင်း KIA နဲ့ ပူးပေါင်း တော်လှန်ရေး တပ်ဖွဲ့နဲ့ နီးစပ်သူတွေဆီက သိရပါတယ်။
“ဒီမနက်စောစော ဝိုင်းမော် လုမြန်ရွာဘက် စစ်ကောင်စီတွေ စစ်ကြောင်းထိုးလာလို့ တိုက်ပွဲ ပြင်းပြင်းထန်ထန် ဖြစ်နေတယ်။ အစောကြီး ကတည်းက ချနေကြတာလို့ သိရတယ်။ မြစ်ကြီးနားကနေတောင် ပစ်ခတ်သံတွေ ကြားရတယ်။ လုမြန်၊ ဝါရောင် အဲဒီဘက်တွေ တိုက်ပွဲဖြစ်နေတာလို့ သိရတယ်”မြေပြင်ရှိ စစ်ရေးသတင်းအရင်းမြစ် တစ်ဦးက ပြောပါတယ်။
ဒီမနက် လုမြန်ဘက် တိုက်ပွဲမှာ မင်းဇေသန့်ရဲ့ ပြည်သူ့စစ်တပ်ဖွဲ့ဘက်က အထိနာနေတယ်လို့ သတင်းထွက်နေပြီး မနေ့ည ဝိုင်းမော်မြို့နယ်ဘက်လည်း လေကြောင်းနဲ့ ဗုံးလာကြဲသွားခဲ့တယ်လို့ သူက ပြောပါတယ်။
“ဒီနေ့တော့ ကျနော်တို့ လန်ဆယ်ဘက် အပြင်းအထန် ချနေကြတယ်။ ဒီနေ့ စက်တင်ဘာ ၂၂ ရက်တော့ မနက် ၅ နာရီကျော်ခန့်ကစ Lahese မှာ KIA နဲ့ ပူးပေါင်းတော်လှန်ရေး တပ်ဖွဲ့ဘက်ကနေ ပြန်ထိုးနေပြီလို့ပြောတယ်” လို့ လန်ဆယ် ဒေသခံ အမျိုးသား တစ်ဦးက ပြောပါတယ်။
တရုတ်ဘက်ကလည်း တရုတ်နယ်စပ်နဲ့ နီးတဲ့နေရာတွေမှာ ဖုန်းလိုင်းဖြတ်ထားလိုက်တယ်လို့ သူက ပြောပါတယ်။
ဒါ့အပြင် မနေ့ စက်တင်ဘာလ ၂၁ ရက်နေ့ မွန်းလွဲပိုင်း ၃ နာရီ ဝန်းကျင် လိုင်ဇာဘက် စစ်ကောင်စီတွေရဲ့ အသေခံဒရုန်း ၂ စင်းကျတာရှိပေမယ့် လူ အထိအခိုက်တော့ မရှိကြောင်း ဒေသခံ အမျိုးသား တစ်ဦးက ပြောပါတယ်။
“ဗန်းမော်ဘက်မှာတော့ စစ်ကောင်စီတွေ ဒရုန်းတွေ တက်ရခက်လာလို့ လေကြောင်းနဲ့ပဲ အဓိက ဗုံးကြဲ တိုက်ခိုက်လာနေတာ။ မနေ့က ဗန်းမော်ဘက် လေကြောင်းနဲ့ တော်တော် လာကြဲသွားတယ်လို့ ပြောတယ်။ အထိအခိုက် ရှိတယ်” လို့ ရှေ့တန်းနဲ့ နီးစပ်တဲ့ အမျိုးသမီး တစ်ဦးက ပြောပါတယ်။
ဖားကန့်ဒေသ ဘက်မှာလည်း နေ့စဉ်နီးပါး စစ်ကောင်စီတပ်ဖွဲ့တွေနဲ့ KIA နဲ့ ပူးပေါင်းတော်လှန်ရေး တပ်ဖွဲ့တို့ အကြား ထိတွေ့တိုက်ပွဲတွေ ရှိနေတယ်လို့ ဖားကန့်ရောက် လူငယ်တစ်ဦးက ပြောပါတယ်။
လတ်တလော စစ်ကောင်စီဘက်က ကချင်ပြည်နယ်ဘက်က KIA နဲ့ ပူးပါင်းတော်လှန် ရေးတပ်ဖွဲ့ထိန်းချုပ်ရာနယ်မြေတွေဘက်ကို ဆက်တိုက်တန်ပြန် ထိုးစစ်ဆင်လာတာ ဖြစ်ပြတယ်။
ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှု နားဆင်နိုင်ပါတယ်။