ပျားကြီး၊ ဇူလိုင် ၅၊ စစ်ကိုင်း
စစ်ကိုင်းတောင်ရိုး၊ ဝါးချက်ကျေးရွာမှာ တိုက်ပွဲတွေအပြင်းအထန်ဖြစ်ပွားနေပြီး ထောင်နဲ့ချီတဲ့ဒေသခံတွေဟာ တိုက်ပွဲတွေကြားပိတ်မိနေတယ်လို့ ထွက်ပြေးလွတ်မြောက်လာတဲ့ဒေသခံတွေက ပြောပါတယ်။
ဒီနေ့ ဇွန်လ ၅ရက် မနက်ပိုင်းက ဝါးချက်ကျေးရွာမှာ အထိုင်ချတပ်စွဲထားတဲ့ စစ်ကောင်စီတပ်တွေကို ဒေသခံပြည်သူ့ကာကွယ်ရေးတပ်တွေက ဝင်ရောက်တိုက်ခိုက်ခဲ့တာဖြစ်ပြီး စစ်ကောင်စီတပ်ဘက်က လက်နက်ကြီးနဲ့ လေကြောင်းပစ်ကူတွေရယူပြီး အပြင်းအထန်ခုခံနေရတာဖြစ်ပါတယ်။
“ရုတ်တရက်ကြီးဆိုတော့ ပြေးလို့မရတော့ဘူး။ လုံခြုံတဲ့အိမ်တွေထဲမှာစုပြီး ပုန်းနေကြတာ။ ကျွန်တော့်မိသားစုလည်း ကျန်ခဲ့တယ်။ တနေကုန်ပစ်နေကြတာပဲ။အုပ်ချုပ်ရေးမှူးရုံးနားမှာ စစ်သားတွေအတုံးအရုံးသေနေတာတော့ မြင်ခဲ့ရတယ်။ ၇ ယောက်လောက်ရှိမယ်ထင်တယ်။ အခုထိပစ်နေကြတုန်းပဲ”လို့ ဝါးချက်ကျေးရွာက ထွက်ပြေးလွတ်မြောက်လာသူဒေသခံအမျိုးသားတစ်ဦးကပြောပါတယ်။
အိမ်ခြေပေါင်း ၁၀၀၀ ကျော်ရှိတဲ့ ဝါးချက်ကျေးရွာထဲမှာ ပိတ်မိနေသူပေါင်း ၃၀၀၀ ကျော်အထိရှိနေပြီး လက်ရှိသတင်းရေးသားနေတဲ့ ညနေ ၇ နာရီအထိတိုက်ပွဲတွေကဆက်ရှိနေသေးတယ်လို့ ဒေသခံတွေကဆိုပါတယ်။
စစ်ကောင်စီဟာ ဧရာဝတီမြစ်ကြောင်းအနောက်ဖက်ကမ်းက ဝါးချက်ကျေးရွာနဲ့တဆက်တည်းဖြစ်တဲ့ မင်းကွန်းဒေသတခုလုံးကို ပြီးခဲ့တဲ့ ဇွန်လ လကုန်ပိုင်းကစပြီး ကြည်း၊ ရေ၊ လေအင်အားအလုံးအရင်းနဲ့ စစ်ကြောင်းထိုးမှုတွေ၊ ရွာလုံးကျွတ်မီးရှို့ဖျက်ဆီးမှုတွေလုပ်ဆောင်နေချိန်မှာ အခုလိုနောက်ပိုင်းက အထိုင်စခန်းတစ်ခုကို အလစ်အငိုက်ဝင်ရောက်တိုက်ခိုက်ခံခဲ့ရတာဖြစ်ပါတယ်။
လက်ရှိအချိန်မှာ လက်နက်ကြီးပစ်ခတ်သံတွေကို မန္တလေးမြို့၊ အမရပူရမြို့နယ်နဲ့ မဟာအောင်မြေမြို့နယ်တွေကပါ ကြားနေရပါတယ်။
ဇွန်လကတည်းက စစ်ကောင်စီတပ်တွေရဲ့ ရွာလုံးကျွတ်မီးရှို့မှုတွေကြောင့် မင်းကွန်းဒေသမှာရှိတဲ့ ကျေးရွာ ၂၀ ကျော်ကဒေသခံတွေဟာ ဘေးလွတ်ရာကိုထွက်ပြေးနေရကြီး နေအိမ်ပေါင်း ၁၃၀၀ ကျော်အထိ မီးလောင်ပျက်စီးခဲ့တယ်လို့ ကင်းကျေးရွာကဒေသခံတစ်ဦးက ဆိုပါတယ်။
ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။