မိုင်းရူပ၊ အောက်တိုဘာ ၁၁ ရက်
စစ်ကောင်စီတပ်ရဲ့ ထိုးစစ်ကြောင့် ကျောက်မဲနဲ့ သီပေါမြို့နယ်ကြားမှာ စစ်ကောင်စီနဲ့ တအာင်းတပ်မတော်–TNLA အကြား တိုက်ပွဲ ဆက်ဖြစ်နေတယ်လို့ ရှေ့တန်း စစ်မြေပြင်မှာ ရှိနေသူ တစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။
“အခု တိုက်ပွဲက လွယ်ခေါ်ရွာအကျော်မှာဘဲ ဖြစ်နေတယ်။ စကစဘက်က ရှေ့ဆက်တိုးနိုင်လာတော့ မရှိဘူး” လို့ ဆိုပါတယ်။
ကျောက်မဲကို ပြန်ထိန်းချုပ်ပြီးနောက် စစ်ကောင်စီတပ်ဟာ သီပေါဘက်ကို ဆက်တိုက်ထိုးစစ်ဆင် တိုက်ခိုက်လာပြီး လက်ရှိ တိုက်ပွဲ ဖြစ်ပွားနေတဲ့ နေရာဟာ တအာင်းတပ် ထိန်းချုပ်ထားတဲ့ သီပေါမြို့နဲ့ ၁၀ မိုင်ဝန်းကျင်သာ ကွာဝေးတယ်လို့ သိရပါတယ်။
သီပေါမြို့ပေါ်မှာ မနက်ပိုင်းမှာ ဒေသခံတွေ မြို့တွင်းထဲမှာရှိနေပြီး နေ့လည်ပိုင်းမှာတော့ ကိုးကန့်တပ်–MNDAA ထိန်းချုပ်ထားတဲ့ သီပေါတံတားဘက်ခြမ်းမှာ တိမ်းရှောင်ကြတယ်လို့ သီပေါမြို့ခံ အမျိုးသားတစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။
“မနက်ပိုင်း အသွားအလာရှိတယ်။ နေ့လည်ပိုင်းတော့ ခြောက်ကပ်နေတာပဲ။ သီပေါတံတားရဲ့ ဟိုဘက်ခြမ်းမှာ သွားရှောင်ကြတယ်”
သီပေါမြို့ဟာ ၁၀၂၇ စစ်ဆင်ရေး ဒုတိယလှိုင်းအတွင်း တအာင်းတပ်ဘက်က သိမ်းပိုက်နိုင်ခဲ့တာ ဖြစ်ပြီး သီပေါမြို့ကို စစ်ကောင်စီ ပြန်ရရင် မန္တလေး–သီပေါ လမ်းပိုင်းကို စစ်ကောင်စီက ပြန်ထိန်းချုပ်နိုင်မှာ ဖြစ်ပါတယ်။
တစ်နှစ်ကျော်ကြာ တအာင်းတပ် ထိန်းချုပ်ထားတဲ့ ကျောက်မဲမြို့ကို စစ်ကောင်စီက ပြီးခဲ့တဲ့ အောက်တိုဘာ ၁ ရက်မှာ ပြန်ထိန်းချုပ်နိုင်ခဲ့တာ ဖြစ်ပါတယ်။
တစ်ဖက်မှာလည်း စစ်ကောင်စီတပ်ဟာ တအာင်းတပ် ထိန်းချုပ်ထားတဲ့ မြို့နယ်တွေကို လေကြောင်းနဲ့ ဗုံးကြဲတိုက်ခိုက်တာတွေ ဆက်တိုက် ပြုလုပ်နေပြီး တစ်ပတ်အတွင်း အရပ်သား ထိခိုက် သေဆုံးမှု ၆၀ ကျော်ရှိလာခဲ့ပြီဖြစ်ပါတယ်။
~ ~ ~
ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှု နားဆင်နိုင်ပါတယ်။