ဩဂုတ် ၂၉၊ ရွှေဖီမြေ
စစ်ကောင်စီထိုးစစ်ဆင်တိုက်ခိုက်နေတဲ့ ကျောက်မဲမြို့နယ် နောင်ပိန်ကျေးရွာမှာ စစ်ကောင်စီတပ်နဲ့TNLAတို့အကြား ဒီနေ့ ဩဂုတ် ၂၉ရက်အထိ တိုက်ပွဲဆက်လက်ပြင်ထန်းနေတယ်လို့ ရှေ့တန်းသတင်းအရင်းမြစ်တွေထံက သိရပါတယ်။
“စကစဘက်က ဂုတ်တွင်းဘက်ရော ကျောက်မဲဘက်သွားတဲ့ လမ်းမကြီးဘက်ရော ထိုးနေတယ်။ TNLAဘက်ကတော့ ခုခံနေဆဲပဲ။ လမ်းခွဲနားလေးမှာ ခုထိချနေတုန်းပဲ”လို့ ဆိုပါတယ်။
တိုက်ပွဲအတွင်း စစ်ကောင်စီဘက်က အသေခံ ဒရုန်းတွေနဲ့ တိုက်ခိုက်နေပြီး နောင်ချိုကနေလည်း ဟောင်ဝစ်ဇာလက်နက်ကြီးတွေ ပစ်ခတ်နေပါတယ်။
ဒီနေ့ ဩဂုတ် ၂၉ရက် နေ့လည်ပိုင်းမှာလည်း ကျောက်မဲမြို့ကနေ လက်နက်ကြီးပစ်ခတ်သံတွေ ကြားနေရတယ်လို့ ဆိုပါတယ်။
စစ်ကောင်စီတပ်ဟာ ကျောက်မဲကိုထိုးစစ်ဆင်ဖို့ ရပ်စောက်မြို့နယ် သာစည်မှာ ကား ၅စီးအပြည့်နဲ့ လူအင်အားဖြည့်တင်းဖို့လုပ်ဆောင်နေပြီး အဲစစ်ကြောင်းဟာ အထက်ရဲရွာကဘက်ကနေ ထိုးလာနိုင်ကြောင်း ရှေ့တန်းသတင်းရင်းမြစ်တွေက ဆိုပါတယ်။
ဒါ့အပြင် တိုက်ပွဲကြောင့် နောင်ပိန်ကျေးရွာခံအပါအဝင် အနီးအနားက ကျေးရွာ ၁၀ ရွာထက်မနည်းက ဒေသခံသောင်းနဲ့ ချီထွက်ပြေးတိမ်းရှောင်နေရပါတယ်။
သြဂုတ် ၁၉ ရက်ကစပြီး အင်အားရာချီရှိတဲ့ စစ်ကောင်စီစစ်ကြောင်းဟာ နောင်ချိုဘက်နေ ဂုတ်ထိပ်ချောင်းကိုဖြတ်ပြီး SSPP ထိန်းချုပ်ထားတဲ့ နောင်ပိန်ရွာအနီး ထန်းတပင်ရွာကနေ နောင်ပိန်ကျေးရွာဘက်ကို ထိုးစစ်ဆင်လာတာ ဖြစ်ပါတယ်။
ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။