မိုင်းရူပ၊ မတ်လ ၉ ရက်၊ သပိတ်ကျင်း
မန္တလေးတိုင်း သပိတ်ကျင်းမြို့နယ် ၇ မိုင်ကျေးရွာမှာ စစ်ကောင်စီနဲ့ တော်လှန်ရေးအင်အားစုတွေအကြား တိုက်ပွဲဆက်လက်ပြင်းထန်နေတယ်လို့ ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။
တအာင်းတပ်မတော်-TNLA၊ မိုးကုတ်ဗျူဟာနဲ့ ပြည်သူ့ကာကွယ်ရေးတပ်မတော်(မန္တလေး) -(MDY PDF) တို့ ထိန်းချုပ်ထားတဲ့ နေရာတွေကို စစ်ကောင်စီတပ်က ထိုးစစ်ဆင်တိုက်ခိုက်နေတာကြောင့် တိုက်ပွဲတွေ ပြင်းထန်နေတာဖြစ်ပြီး ၂ ဖက်အကျအဆုံးများတယ်လို့ စစ်ရေးအခြေအနေသိရှိသူတစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။
” မိုးကုတ်ကို သိမ်းပြီးတာနဲ့ ၇ မိုင်ဘက်ကို စထိုးတာ။ တိုက်ပွဲကတော့ နေ့တိုင်းဖြစ်နေတာပဲ။ စစ်ကောင်စီဘက်က စစ်အင်အားတွေလည်း ဖြည့်တင်းထားတယ်။ အခုအခြေအနေက တော်လှန်ရေးအင်အားစုတွေဝိုင်းရံ ပိတ်ဆို့ထားတော့ စကစက ထွက်ပေါက်လည်းမရှိ ဖြစ်နေတယ်။ သပိတ်ကျင်းဘက်လည်း သိမ်းထားတော့ ထွက်လမ်းပိတ်နေတဲ့ သဘောပေါ့” လို့ ဆိုပါတယ်။
ရှမ်းမြောက် မိုးမိတ်နဲ့ မန္တလေးတိုင်း မိုးကုတ်မြို့ကို တအာင်းတပ်မတော်-TNLA သိမ်းပိုက်ပြီးနောက် အဲကနေ ထွက်ပြေးသွားတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေလည်း ၇ မိုင်ရှိ စစ်ကောင်စီတပ်နဲ့ သွားရောက်ပူးပေါင်းခဲ့တာ ဖြစ်တယ်လို့ သူကဆက်ပြောပါတယ်။
သပိတ်ကျင်းမြို့ကိုတော့ ပြီးခဲ့တဲ့ ဩဂုတ် ၃၀ ရက်မှာ တော်လှန်ရေး အင်အားစုတွေက တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့တာဖြစ်ပြီး စစ်ကောင်စီရဲ့ ၇ မိုင်တပ်စခန်း၊ ကျောက်ကြီးတပ်စခန်းနဲ့ တန်းမြင့်လေ့ကျင့်ရေးကျောင်းအမှတ်-၁၃ တပ်တို့ ကျန်ရှိနေတာ ဖြစ်ပါတယ်။
သပိတ်ကျင်းမြို့နယ်က တိုက်ပွဲအခြေအနေတွေနဲ့ ပတ်သက်ပြီး စစ်ကောင်စီတပ်ဘက်က သတင်းထုတ်ပြန်ထားတာမရှိဘဲ စစ်ကောင်စီထောက်ခံတဲ့ တယ်လီဂရမ်ချယ်နယ်တွေမှာတော့ သပိတ်ကျင်းမြို့နယ်ထဲက တိုက်ပွဲတွေဆက်ဖြစ်နေကြောင်း ရေးသားဖော်ပြနေကြပါတယ်။