လွေးလာဝ်ဇာရ်၊ စက်တင်ဘာ ၁၀ ရက်၊ ဖားကန့်
ကချင်ပြည်နယ် ဖားကန့်မြို့မှာ စစ်ကောင်စီတပ် ပစ်လိုက်တဲ့ လက်နက်ကြီးကြောင့် ဒေသခံတစ်ဦး ထပ်မံသေဆုံးပြီး ထိခိုက်ဒဏ်ရာရသူလည်း ၁၀ ဦးအထိ ရှိခဲ့တယ်လို့ ဖားကန့်ဒေသခံတွေဆီက သိရပါတယ်။
ဖားကန့်ဒေသခံ Tarlin Mg က “မနေ့က စစ်ကောင်စီဘက်က အရပ်သားတွေ နေတဲ့နေရာ ရည်ရွယ်ချက်ရှိရှိနဲ့ လက်နက်ကြီးတွေ ပစ်ခတ်လို့ အရပ်သား ထိခိုက်မှုတွေ ရှိတယ်။ ၁၀ ယောက်ကျော်တယ်။ ၁ ယောက်ကတော့ ဆေးကုသရင်း ဆုံးတယ်လို့ ကြားပါတယ်။ ၇ ယောက်က ဒဏ်ရာရပြင်းထန်တယ်။ တချို့ကျတော့ နီးစပ်ရာ ဆေးရုံ ဆေးခန်းပို့လိုက်တဲ့ဟာမျိုးတွေလည်း ရှိတယ်” လို့ ပြောပါတယ်။
မနေ့ နေ့လယ် ၂ နာရီဝန်းကျင်မှာလည်း ကချင်ပြည်သူ့ကာကွယ်ရေးတပ် KPDF နဲ့ စစ်ကောင်စီတပ်တို့ တိုက်ပွဲဖြစ်တဲ့ ဆိပ်မူကျေးရွာအုပ်စု ဆန်းကြွယ်ရွာရဲ့ ဘုရားကုန်းဘက်မှာ စစ်တပ်က ဂျက်လေယာဉ်တစ်စင်းနဲ့ လာရောက်ဗုံးကြဲချခဲ့ပေမဲ့ လူထိခိုက်မှုတော့ မရှိဘူးလို့ ဆိုပါတယ်။
“တိုက်ပွဲကတော့ မနေ့ကတည်းကနေ အခုထိ တိုက်ပွဲဖြစ်နေတုန်းဘဲ။ မနေ့က တော်လှန်ရေးတပ်တွေ ရှိနိုင်တယ် ယူဆပြီးတော့ တိုက်ပွဲဖြစ်တဲ့နေရာ တောတောင်ဘက်မှာ လေယာဉ်နဲ့ လာကြဲတာ။ လူထိခိုက်မှုတော့ မရှိဘူးလို့ ကြားပါတယ်”
ဆိပ်မူရွာက စာသင်ကျောင်းနဲ့ နေအိမ် ၁ လုံး၊ ဘဇံချောက်ရွာက နေအိမ် ၂ လုံး လက်နက်ကြီးကြောင့် ထိခိုက်ပျက်စီးသွားခဲ့တယ်လို့ သိရပါတယ်။
မနေ့ စက်တင်ဘာ ၉ ရက် မနက်အစောပိုင်း ၁ နာရီဝန်းကျင်မှာ စစ်ကောင်စီတပ်က ဖားကန့်ဗျူဟာကုန်းကနေ လက်နက်ကြီး အလုံး ၂၀ ကျော် ပစ်ခတ်တိုက်ခိုက်ခဲ့ပါတယ်။
ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။