ဓာတ်ပုံ- PNLO

လွေးဇွန်မိုး၊ ဇန်နဝါရီ ၁၈ ရက်၊ ဆီဆိုင်

ရှမ်းတောင် ဆီဆိုင်မြို့နယ် အရှေ့ဘက်ခြမ်းမှာ စစ်ကောင်စီတပ်နဲ့ ပအိုဝ်းတပ်မတော်- PNLA/PNLO တို့အကြား တိုက်ပွဲ ပြင်းထန်နေပြီး တိုက်ပွဲအတွင်း စစ်တပ်ဘက်က ၁၀၀ ကျော် သေဆုံးခဲ့တယ်လို့ PNLO က ဒီနေ့ ဇန်နဝါရီ ၁၈ ရက်မှာ ထုတ်ပြန်လာပါတယ်။

မနေ့ ဇန်နဝါရီ ၁၇ ရက်က စစ်တပ်နဲ့ ၎င်းရဲ့ လက်အောက်ခံ ပအိုဝ်းပြည်သူ့စစ်- PNO ဟာ အပင်ငို၊ နောင်ကျောရွာအနီးနဲ့ ဖြီကျွတ်ရွာအနီး စစ်ကြောင်း လေးကြောင်းနဲ့ အင်အား ၅၀၀ ကျော် စစ်ကြောင်းထိုး ဝင်ရောက်ခဲ့တာကြောင့် တစ်နေကုန် တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ ဆိုပါတယ်။

စစ်တပ်နဲ့ PNO က ဆီဆိုင်မြို့နယ်ကို ပြန်လည် စိုးမိုးနိုင်ဖို့ ထိုးစစ်ဆင်နေတာဖြစ်ပြီး တိုက်ပွဲမှာ စစ်ကောင်စီတပ်က ကွပ်ကဲတဲ့အပိုင်း၊ ဆက်သွယ်ရေးအပိုင်း၊ လေယာဥ်နဲ့ လက်နက်ကြီး ပစ်ကူပေးတဲ့အပိုင်းမှာ အဓိက တာဝန်ယူထားပြီး အတင်းအဓမ္မတပ်သားအဖြစ် စုဆောင်းခံထားရတဲ့ ပအိုဝ်းဒေသခံတွေကိုတော့ ရက်တိုသင်တန်းပေးပြီး မြေပြင်ထိုးစစ် ဆင်ခိုင်းတာလို့ PNLO ရဲ့ ပြောရေးဆိုခွင့်ရှိသူ ခွန်ရိန်းယံက ရွှေဖီမြေကို ပြောပါတယ်။

“ကျနော်တို့ မြေပြင်မှာ တွေ့နေရတဲ့ အနေအထားကတော့ မြေပြင်ထိုးစစ်မှာ ရက်တိုသင်တန်းပေးပြီး အလှည့်ကျခေါ်တဲ့ ပအိုဝ်းရွာသားတွေကို ကျနော်တို့ တွေ့နေရတာကတော့ စိတ်ကြွဆေးပုံစံမျိုး တိုက်ကျွေးပြီးတော့မှ အတင်းအကျပ် တိုက်ခိုင်းတဲ့ ပုံစံမျိုးကို တွေ့နေရတယ်။ အဲဒါကြောင့်လည်း မြေပြင်မှာ အသေအပျောက်တွေ အကျအဆုံးတွေ များနေတာ တွေ့ရပါတယ်”

တိုက်ပွဲအတွင်း စစ်တပ်နဲ့ PNO ဘက်က ၁၃၀ ဦးထက်မနည်း သေဆုံးခဲ့ပြီး ဒေသခံ ထိခိုက်သေဆုံးတာနဲ့ ဒဏ်ရာရတာတွေလည်း ရှိပေမဲ့ အချက်အလက် အတိအကျကိုတော့ မသိရသေးဘူးလို့ ဆိုပါတယ်။

လက်ရှိအချိန်မှာ ပအိုဝ်းလူမျိုးအချင်းချင်းတိုက်ခိုက်နေရမယ့်အချိန် မဟုတ်ဘဲ ပအိုဝ်းလူထုတွေအနေနဲ့ မိမိတို့ရဲ့ အခြေအနေအမှန်ကို သိရှိပြီး အထူးသတိထားဖို့ လိုအပ်တယ်လို့ ခွန်ရိန်းယံက ဆက်ပြောပါတယ်။

“သူတို့ခိုင်းတဲ့အတိုင်း မလုပ်ဘူးဆိုရင် ရွာသားတွေကို ပစ်သတ်တာတို့ အဲဒါမျိုးလည်း ကျနော်တို့ သတင်းတွေ ကြားနေရပါတယ်။ အဲဒါကြောင့် အခုဆို ပအိုဝ်းလူထုတွေဟာ စစ်ကောင်စီနဲ့ ပြည်သူ့စစ် PNO ရဲ့ အသုံးချမှုကို အလူးအလဲ ခံနေရတဲ့ အနေအထားမှာ ရှိနေတာပေါ့လေ။ သူတို့ တိုက်ပွဲမှာ တက်ခိုင်းပြီဆိုရင်လည်း နောက်ပြန်ဆုတ်တဲ့လူကို သူ့တို့အနောက်ကနေ ပြန်ပြီးတော့မှ ပစ်တာတို့ ကျနော်တို့ သတင်းတွေ ကြားနေရတယ်။ အဲဒါကြောင့်လည်း ကျနော်တို့ ပအိုဝ်းလူထုတွေအနေနဲ့ အခုချိန်မှာ အထူးသတိထားဆင်ခြင်ဖို့ လိုတယ်။ ကိုယ့်ရဲ့ အခြေအနေအမှန်ကို သိရှိကြဖို့ အထူးလိုအပ်တဲ့အချိန်အခါ ဖြစ်တယ်ပေါ့လေ”

ဒါ့အပြင် ဒီနေ့ ဇန်နဝါရီ ၁၈ ရက် မနက်မှာလည်း လွယ်ချယ်ရွာကို စစ်တပ်က ဂျက်ဖိုက်တာနဲ့ ဗုံးလေးလုံး ကြဲချတိုက်ခိုက်ခဲ့တယ်လို့ ထုတ်ပြန်ချက်ထဲ ဖော်ပြထားပါတယ်။

စစ်တပ်နဲ့ PNO ဘက်က လက်နက်ကြီး၊ ဒရုန်း၊ တိုက်လေယာဥ်နဲ့ ပအိုဝ်းကျေးရွာတွေကို တိုက်ခိုက်နေတာကြောင့် ဆီဆိုင်မြို့နယ် အရှေ့ဘက်ခြမ်းက ဒေသခံ ထောင်နဲ့ချီ ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ ဆိုပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

Sign Up for Our Newsletters

Get notified of the best deals on our WordPress themes.

You May Also Like

ကျောက်မဲမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး TNLA ဘက်က ဆက်လက်ခုခံနေ

စစ်ကောင်စီတပ် ထိုးစစ်ဆင် တိုက်ခိုက်နေတဲ့ ရှမ်းမြောက် ကျောက်မဲမြို့အနီးမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး တအာင်းတပ်- TNLA ဘက်ကလည်း မြို့တွင်းကနေ ဆုတ်ခွာမှု မရှိသေးဘဲ ဆက်လက် ခုခံနေတယ်လို့ သိရပါတယ်။

ပန်ဆန်းမှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ တပ်သား ၂ ဦးကို သေဒဏ်နဲ့ ထောင်ဒဏ်နှစ်ရှည်ချမှတ်

“ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ-UWSA ဗဟိုဌာနချုပ်ဖြစ်တဲ့ ပန်ဆန်းမြို့မှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ ထောက်ပို့တပ်သား ၂ ဦးကို ၁ ဦးက လူမြင်ကွင်းရှေ့မှာ သေဒဏ်ချမှတ်ခံရပြီး နောက်တစ်ဦးက ထောင်ဒဏ်နှစ်ရှည်ချမှတ်ခံရတယ်လို့ ဒေသခံတွေဆီက သိရှိရပါတယ်။

လောက်ကိုင်တိုက်ပွဲမှာ MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက ရမခတိုင်းမှူးအဖြစ် ခန့်အပ်

၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းအတွင်း ကိုးကန့်ဒေသ လောက်ကိုင် မြို့သိမ်းတိုက်ပွဲမှာ ကိုးကန့်တပ်မတော်- MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် ခန့်ခဲ့ကြောင်း ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

သရက်ချောင်းမှာ စစ်ကောင်စီတပ်‌‌ တိုက်ခိုက်ခံရပြီးနောက် ကျောက်လှေကားရွာကို ဝင်ရောက်စီးနင်းပြီး နေအိမ် ၇၀ ကျော် မီးရှို့ဖျက်ဆီး

တနင်္သာရီတိုင်း သရက်ချောင်းမြို့မှ တောင်ပျောက်ကျေးရွာသို့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်ဖွဲ့တို့က ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU မှ ထုတ်ပြန်ထားပါတယ်။