မြတ်နိုး၊ နိုဝင်ဘာ ၇ ရက်၊ မိုးညှင်း
ရှမ်းနီတပ်နဲ့ စစ်ကောင်စီတပ် ထိန်းချုပ်ထားတဲ့ ကချင်ပြည်နယ် မိုးညင်းမြို့နယ်ရှိ အင်းတော်ဒေသ မမုံကိုင်ရွာမှာ ရွှေ အလွန်အကျွံ တူးဖော်မှုကြောင့် လယ်လုပ်ဖို့ ခက်ခဲလာကြောင်း ဒေသခံတွေဆီက သိရပါတယ်။
“မပခ တိုင်းမှူးနဲ့ အတော်ပိုင်တဲ့တစ်ယောက် ဦးဆောင်ပြီး မမုံကိုင်မှာ ဆိုးဆိုးဝါးဝါး ရွှေတူးနေတာ။ ရွှေ တူးလိုက်တော့ လယ်လုပ်ဖို့ ပိုခက်ခဲသွားတာ” လို့ ဒေသခံ အမျိုးသားတစ်ဦးက ပြောပါတယ်။
စက်ယန္တရားတွေနဲ့ ရွှေ တူးဖော်နေကြတာကို တွေ့ရပြီး ရေအရင်းမြစ် ခက်ခဲလာကာ အဆင်မပြေတဲ့အပြင် စပါး ဈေးကောင်း မရကြတာကြောင့် လယ်တွေကို အဆမတန် ပေးပြီး ဝယ်နေတဲ့အတွက် ရောင်းလိုက်ရတာတွေလည်း ရှိတယ်လို့ ဆိုပါတယ်။
“မမုံကိုင်က စစ်ကောင်စီနဲ့ ရှမ်းနီ ပြည်သူ့စစ်အဖွဲ့ ထိန်းချုပ်ထားတာပါ” လို့ နောက်ထပ် ဒေသခံ အမျိုးသားတစ်ဦးက ပြောပါတယ်။
KIA နဲ့ ပူးပေါင်းတပ်ဖွဲ့တွေ ထိန်းချုပ်ထားတုန်းက ရွှေတူးမှုကို ဒေသခံတွေ ဆန္ဒပြကြတာ ရှိပေမဲ့ လက်ရှိ စစ်တပ်နဲ့ ရှမ်းနီတပ် ထိန်းချုပ်ထားတော့လည်း ရွှေတူးမှု ဆိုးဝါးနေဆဲပဲလို့ ဆိုပါတယ်။
ပြီးခဲ့တဲ့ ဇူလိုင် ၁၅ ရက်က စစ်တပ်နဲ့ ရှမ်းနီ ပူးပေါင်းတပ်က မိုင်းနောင်နဲ့မမုံကိုင်ကို သိမ်းပိုက်လိုက်ပြီးနောက် ဩဂုတ် ၁၆ ရက်မှာ မမုံကိုင် အနီးတဝိုက်မှာရှိတဲ့ တပ်စခန်းတချို့ကိုတော့ KIA နဲ့ ပူးပေါင်းတပ်ဖွဲ့က ပြန်လည် သိမ်းပိုက်နိုင်ခဲ့ပါတယ်။
~ ~ ~
ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှု နားဆင်နိုင်ပါတယ်။