ရဲမာန်၊ ဩဂုတ် ၆ ရက်၊ လိုင်ဇာ
ကချင်တပ်မတော်-KIO ဗဟိုဌာနချုပ်တည်ရှိရာ လိုင်ဇာမြို့မှာ ရေကြီးမှုကြောင့် ဂျေယန့်နဲ့ ဖွန်လွမ်ယန်စစ်ရှောင်စခန်းနှစ်ခုကြားရှိ ဆေးပေးခန်းမှာ အရေးပေါ်ဆေးဝါးလိုအပ်နေတယ်လို့ ဒေသခံအမျိုးသားတစ်ဦးက ရွှေဖီမြေကိုပြောပါတယ်။
လိုင်ဇာမြို့မှာ ၃ ရက်သာ မိုးဆက်တိုက်ရွာသွန်းပြီး စစ်ရှောင်စခန်းနဲ့ နေအိမ်တွေမျောပါသွားတဲ့အပြင် စစ်ရှောင်စခန်းနှစ်ခုကြားက ဆေးပေးခန်းက ဆေးဝါးတွေလည်း ရေထဲအကုန်မျောပါသွားခဲ့တယ်လို့ ၎င်းကပြောပါတယ်။
“ဆေးခန်းကတော့ အရေးတကြီးတော့ မဆောက်ဖြစ်တော့ဘူး။ အခုလောလောဆယ်လိုအပ်နေတာကတော့ ကျွန်တော်တို့ ဆေးတွေတစ်ခုမှမရှိတော့ဘူးပေါ့နော်။ အဲ့ဒီဆေးတွေ အာလုံးပါသွားတော့ အခုအရေးတကြီးလိုအပ်တာတော့ အဲ့ဒီဆေးတွေပေါ့”
ဂျေယန့်ချောင်း နဲ့ မုန်လိုင်ချောင်း ၂ ခုမှာ ရေကြီးမှုဖြစ်ပွားပြီး မုန်လိုင်တံတားနဲ့ စစ်ရှောင်စခန်းတွေလည်း နစ်မြှုပ်သွားခဲ့တယ်လို့ ၎င်းက ဆက်ပြောပါတယ်။
အဲဒီရေကြီးမှုကြောင့် လူ ၆ဦးထက်မနည်း မျောပါသေဆုံးသွားခဲ့ပြီး လူထောင်ချီ ရေဘေးသင့်ခဲ့ပါတယ်။
အရင်တုန်းကတော့ ဒီထက်ရေကြီးတဲ့ဖြစ်စဉ်ဖြစ်ပွားခဲ့ဖူးပေမဲ့ စစ်ရှောင်စခန်းတွေမရှိတဲ့အတွက် ဒီနှစ်လောက် ဆုံးရှုံးမှုမရှိခဲ့ဘူးလို့ ၎င်းကပြောပါတယ်။
ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။