ရဲမာန်၊ စက်တင်ဘာ ၄ ရက်၊ ကျောက်ကြီး
တော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့တို့ စိုးမိုးထားတဲ့ ပဲခူးတိုင်း ကျောက်ကြီးမြို့နယ်မှာ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ အမှတ် (၂) စစ်ဆင်ရေးနယ်မြေမှ ထုတ်ပြန်ထားပါတယ်။
ပြီးခဲ့တဲ့ စက်တင်ဘာ ၂ ရက်နေ့မှာ အင်အား ၁၀၀ ကျော်ပါတဲ့ စစ်ကောင်စီရဲ့ ခြေလျင်တပ်ရင်း ခလရ – ၂၀ နဲ့ ပျူစောထီးစစ်ကြောင်းကို ကြားဖြတ်တိုက်ခိုက်ရာ ဗိုလ်ကြီး ၁ ဦးအပါအဝင် ၈ ဦး သေဆုံးခဲ့တယ်လို့ အမှတ် (၂) စစ်ဆင်ရေးနယ်မြေက တာဝန်ရှိသူတစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။
“ဒီတိုက်ပွဲပြီးတဲ့အချိန်မှာ ရန်သူဘက်ကနေပြီးတော့ လေယာဉ်နဲ့ ပေါင် ၁၀၀ ဗုံးကြဲတာ ကြုံရတဲ့အပြင် ၁၂၀ လိုမျိုး လက်နက်ကြီးတွေ ၆၀ မမတွေ ပစ်ခတ်ခဲ့တယ်။ ပြည်သူတစ်ဦးတော့ ထိခိုက်ခဲ့တယ်။ တိုက်ပွဲကြာချိန်တော့ ၄ နာရီ ကြာခဲ့ပါတယ်”
၎င်းတိုက်ပွဲအတွင်း တော်လှန်ရေးပူးပေါင်းတပ်တို့မှ သေနတ် ၇ လက်၊ RPG ၁ လက်နဲ့ ခဲယမ်းတွေအပါအဝင် စစ်သုံးပစ္စည်းတချို့ကိုလည်း သိမ်းဆည်းရမိခဲ့တယ်လို့ ဖော်ပြထားပါတယ်။
အဆိုပါတိုက်ပွဲကို အမှတ် (၂) စစ်ဆင်ရေးနယ်မြေ၊ ပဲခူးတိုင်းစစ်ဌာန ဗျူဟာ-၂၄၊ နဂါးနီတပ်ရင်း p-29903၊ အမှတ် (၃၅၀၂) တပ်ရင်းနဲ့ KNLA တပ်ရင်း (၈) တို့မှ ပူးပေါင်းတိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။
ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။