ရဲမာန်၊ ဒီဇင်ဘာ ၁၀ ရက်၊ အရာတော်
စစ်ကိုင်းတိုင်း အရာတော်မြို့နယ် ညောင်ဒူးလေးရွာမှာ ရိက္ခာလာသယ်တဲ့ စစ်ကောင်စီ လက်အောက်ခံ ပျူစောထီး ၁၂ ဦးထဲ ၈ ဦးကို အရှင်ဖမ်းမိခဲ့တယ်လို့ မုံရွာခရိုင် တပ်ရင်း၂၁ တပ်ခွဲ၂က သတင်းထုတ်ပြန်လာပါတယ်။
မနေ့ ဒီဇင်ဘာ ၉ ရက် မနက် ၉ နာရီခွဲမှာ ငွေတွင်း ပျူစောထီးစခန်းကနေ ညောင်ဒူးလေးရွာကို ရိက္ခာလာရောက်သယ်နေစဉ် ပစ်ခတ်ဖမ်းဆီးခဲ့တာဖြစ်တယ်လို့ ဖော်ပြထားပါတယ်။
“ရိက္ခာသွားသယ်ယူတုန်း ပစ်ဖမ်းခဲ့တာ။ ဆန်၊ ဆီ၊ အရက်ဖာတွေနဲ့ ပိုက်ဆံတချို့ သိမ်းဆည်းရမိခဲ့ပါတယ်။ ထွက်ပြေးသွားသူတွေက လက်နက် ၄ လက််ယူပြေးတာပေါ့။ လက်နက်တော့ မရခဲ့ပါဘူး”လို့ မုံရွာခရိုင် တပ်ရင်း၂၁ တပ်ခွဲ၂ က တပ်ခွဲမှူး စစ်နိုင်က ရွှေဖီမြေကို ပြောပါတယ်။
ဖမ်းဆီးရမိတဲ့ ၈ ဦးကိုတော့ စစ်ရာဇဝတ် လုပ်ထုံးလုပ်နည်းနဲ့အတူ အရေးယူဆောင်ရွက်သွားမှာဖြစ်တယ်လို့ ၎င်းကဆိုပါတယ်။
စစ်ကောင်စီတပ်ဖွဲ့ဝင်တွေအနေနဲ့ အာဏာရှင်လက်အောက်မှမနေဘဲ တော်လှန်ရေးတပ်ဖွဲ့တွေဆီ အလင်းဝင် ရောက်လာဖို့ တိုက်တွန်းချင်တယ်လို့ ၎င်းက ဆက်ပြောပါတယ်။
~ ~ ~
ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။