ပျားကြီး၊ ဧပြီ ၂၄ ရက်၊ မန္တလေး

ရာသီဥတု ပူပြင်းလာမှုကြောင့် ငလျင်ဒဏ် ခံစားနေရတဲ့ မန္တလေးဒေသခံတွေဟာ အခက်တွေ့နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

သင်္ကြန်ကာလနောက်ပိုင်းကစပြီး မန္တလေးမြို့မှာ နေ့အပူချိန် သိသိသာသာ မြင့်တက်ခဲ့တဲ့အတွက် လမ်းမပေါ်နဲ့ ကွင်းပြင်တွေထဲ ယာယီနေထိုင်နေရတဲ့ သောင်းနဲ့ချီတဲ့ ငလျင်ဘေးသင့်သူတွေဟာ အပူဒဏ်ကြောင့် ဒုက္ခရောက်နေရတာ ဖြစ်ပါတယ်။

မဟာအောင်မြေမြို့နယ်မှ ငလျင်ဘေးသင့်သူတွေကို ကူညီပေးနေတဲ့ ဒေသခံတစ်ဦးက “မိုးကာတဲတွေ၊ ရွက်ဖျင်တဲတွေအောက်မှာ နေလို့မရတော့ဘူး။ အရမ်းပူတယ်။ သစ်ပင်တွေမရှိတဲ့ မြို့လယ်ခေါင်ကလူတွေက အခြေအနေ ပိုဆိုးတယ်။ ကြာလာရင် ကျန်းမာရေးပါ ထိခိုက်တော့မယ်” လို့ ပြောပါတယ်။

လက်ရှိ မန္တလေးမြို့ရဲ့ နေ့အပူချိန်ဟာ ၄၀ ဒီဂရီစင်တီဂရိတ်အထိ ရှိနေပြီး ညပိုင်းမှာ ၃၀ ဒီဂရီစင်တီဂရိတ်အထိ ရှိနေတာပဲ ဖြစ်ပါတယ်။

မြို့ပေါ်ရပ်ကွက်တွေက နေအိမ်ပြိုကျပျက်စီးမှုကြောင့် စာသင်ကျောင်း၊ ဘုန်းတော်ကြီးကျောင်း၊ မင်္ဂလာဈေးဟောင်းလို ကွင်းပြင်နဲ့ လမ်းမတွေပေါ် ယာယီ မိုးကာတဲနဲ့ ဖြစ်သလို နေထိုင်နေရတာကြောင့် ကလေးသူငယ်နဲ့သက်ကြီးရွယ်အိုတွေဟာ အပူဒဏ်ကို အလူးအလဲ ခံစားနေရတာ တွေ့ရပါတယ်။

အခုလို အပူဒဏ်ကြောင့် အခက်အခဲ ရှိနေချိန် စာသင်ကျောင်းမှာ ယာယီ နေထိုင်သူတွေကို ဧပြီ ၃၀ ရက် နောက်ဆုံးထားပြီး ဖယ်ရှားဖို့ စစ်ကောင်စီ လက်အောက်ခံ ပညာရေးဝန်ကြီးဌာနက ညွှန်ကြားထားတာကြောင့် နေထိုင်ရေးအတွက် ပိုမိုဆိုရွားလာနိုင်တယ်လို့ ဒေသခံတွေက ပြောဆိုပါတယ်။

“ကျနော်တို့က ကျောင်းဘောလုံးကွင်းထဲမှာ နေရတာပေါ့။ အခုကျ ကျောင်းတွေ ပြန်ဖွင့်မှာမို့လို့ ဒီလကုန် နောက်ဆုံးထား ဖယ်ရမယ်လို့ပြောထားတယ်။ အဲဒါဆို ဘယ်နေရာ ရွှေ့ပေးရအုံးမလဲ မသိသေးဘူး။ ပိုပြီးဒုက္ခရောက်မှာတော့ သေချာတယ်” လို့ အောင်မြေသာစံမြို့နယ်မှ ငလျင်ဘေးသင့်သူတစ်ဦးက ပြောပါတယ်။

လက်ရှိအချိန်မှာ အပူဒဏ်ကြောင့် ကျန်းမာရေး ဆိုးဆိုးရွားရွား ထိခိုက်မှု မရှိသေးပေမဲ့ သောက်သုံးရေ ရရှိမှု အခက်အခဲကြောင့် လာမယ့် ရက်သတ္တပတ်အတွင်း အခြေအနေ ပိုမိုဆိုးရွားလာနိုင်တယ်လို့ ဒေသခံတွေက ပြောဆိုနေကြပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

You May Also Like

ပန်ဆန်းမှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ တပ်သား ၂ ဦးကို သေဒဏ်နဲ့ ထောင်ဒဏ်နှစ်ရှည်ချမှတ်

“ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ-UWSA ဗဟိုဌာနချုပ်ဖြစ်တဲ့ ပန်ဆန်းမြို့မှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ ထောက်ပို့တပ်သား ၂ ဦးကို ၁ ဦးက လူမြင်ကွင်းရှေ့မှာ သေဒဏ်ချမှတ်ခံရပြီး နောက်တစ်ဦးက ထောင်ဒဏ်နှစ်ရှည်ချမှတ်ခံရတယ်လို့ ဒေသခံတွေဆီက သိရှိရပါတယ်။

လောက်ကိုင်တိုက်ပွဲမှာ MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက ရမခတိုင်းမှူးအဖြစ် ခန့်အပ်

၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းအတွင်း ကိုးကန့်ဒေသ လောက်ကိုင် မြို့သိမ်းတိုက်ပွဲမှာ ကိုးကန့်တပ်မတော်- MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် ခန့်ခဲ့ကြောင်း ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

ကိုးကန့်တပ် ထိန်းချုပ်ဒေသမှာ တရုတ်ဖုန်းဆင်းကတ်နဲ့ တရုတ်ဝိုင်ဖိုင်တွေ ပိုအသုံးပြုလာ

ကိုးကန့်တပ်- MNDAA ထိန်းချုပ်ထားတဲ့ မြို့နယ်တွေမှာ တရုတ်ဖုန်းဆင်းကတ်နဲ့ တရုတ်အင်တာနက်လိုင်းတွေ အသုံးပြုလို့ ပိုအဆင်ပြေတာကြောင့် မြန်မာဆင်းကတ်အစား တရုတ်ဆင်းကတ်တွေကို ပိုအသုံးပြုလာနေကြတယ်လို့ ရွှေဖီမြေက စုံစမ်းသိရပါတယ်။

မင်္ဂလာဆောင်အတွက် တင်တောင်းဖို့သွားတဲ့ မိုင်းငေါ့ဒေသခံ ၂ ဦး နောင်ချိုမှာ ၂ လကြာ ပျောက်ဆုံးနေ

တအာင်းတပ် ထိန်းချုပ်ရာ ကျောက်မဲမြို့နယ် မိုင်းငေါ့ဒေသခံ ၂ ဦးက မင်္ဂလာဆောင်အတွက် တင်တောင်းဖို့ နောင်ချိုဘက် သွားရာကနေ ပျောက်ဆုံးနေပြီး ၂ လ ကြာတဲ့အထိ အဆက်အသွယ် မရသေးကြောင်း မိသားစုဝင်ရဲ့ ပြောပြချက်အရ သိရပါတယ်။