အင်းငယ်၊ ဧပြီ ၃ ရက်၊ နေပြည်တော်
နေပြည်တော်ရှိ စစ်ကောင်စီ လက်အောက်ခံ Non-CDM ဝန်ထမ်းတွေဟာ ငလျင်ဒဏ်သင့်ပြီးတဲ့နောက်ပိုင်းမှာ စားဝတ်နေရေး ခက်ခဲနေပေမဲ့ ကူညီမယ့်သူမရှိ ဖြစ်နေတယ်လို့ နေပြည်တော်ရှိ ဝန်ထမ်းအိမ်ရာမှာ နေထိုင်သူတွေက ရွှေဖီမြေကို ပြောပါတယ်။
လက်ရှိမှာ မြန်မာ့မီးရထားဝန်ထမ်း ၁,၆၀၀ ကျော်အပါအဝင် တခြားဌာနဆိုင်ရာဝန်ထမ်းတွေ စုစုပေါင်း ၂ ထောင်ကျော်ဟာ အထက်က စီစဉ်ပေးတာမျိုး မဟုတ်ဘဲ ရှိတဲ့ ငွေကြေးနဲ့ ကိုယ်ထူကိုယ်ထ ရုန်းကန်ပြီး ရှာဖွေစားသောက်နေရတယ်လို့ ဆိုပါတယ်။
“ထိထိရောက်ရောက် ကယ်ဆယ်ရေးလည်း မရှိဘူး။ ရေတောင် သောက်စရာမရှိလို့ ပေါင်းလောင်းမြစ်ထဲက ရေနဲ့ ဝေနေတာ။ တစ်ယောက်ကို ၅ ပုံးပဲ ရတယ်။ ရေချိုးလို့တောင် မရဘူး” လို့ ဝန်ထမ်းအိမ်ရာမှာ နေထိုင်သူတစ်ဦးက ပြောပါတယ်။
လတ်တလော နေပြည်တော်က Non-CDM ဝန်ထမ်းတွေဟာ လမ်းဘေးမှာသာ ဖြစ်သလို တဲထိုး နေထိုင်နေကြရပြီး စစ်ကောင်စီထံ အဆင့်ဆင့် တင်ပြထားပေမဲ့ လာရောက် ကူညီသူ မရှိကြသေးဘူးလို့ ဌာနဆိုင်ရာနဲ့ နီးစပ်သူတွေက ပြောပါတယ်။
မတ်လ ၂၈ ရက်က မန္တလေးနဲ့ စစ်ကိုင်းတိုင်းမှာ ဦးတည်လှုပ်ခဲ့တဲ့ မြေငလျင်ကြောင့် နေပြည်တော်ရှိ မြန်မာ့မီးရထား အမှုထမ်းအိမ်ယာ ၄ ထပ်တိုက် ၂၅ လုံး၊ အရာထမ်းအိမ်ရာ ၁၇ လုံး ပြိုကျပျက်စီးခဲ့ပြီး လူ ၁၂ ဦး သေဆုံးမှုနဲ့အတူ ၁၄ ဦးလည်း ပြင်းထန်ဒဏ်ရာ ရရှိထားတယ်လို့ သိရပါတယ်။
“အမှတ် ၁ အနီးနားနဲ့ ကုန်းလမ်းပို့ဆောင်ရေးဝင်းထဲမှာ ခဏနေခွင့် ပေးထားတယ်လို့ ကြားတယ်။ နောက်တော့ ပြောင်းရမယ်တဲ့။ လောလောဆယ် သူတို့ မိုးကာ တောင်းထားတာ ၃ ရက်ရှိပြီ ပေါ်မလာသေးဘူး” လို့ ဝန်ထမ်းအိမ်ယာနဲ့ နီးစပ်သူတစ်ဦးက ဆက်ပြောပါတယ်။
နေပြည်တော် အနီးတစ်ဝိုက်မှာ နောက်ဆက်တွဲ ငလျင် လှုပ်ခတ်နေဆဲဖြစ်ပြီး ဟိုတယ်ဇုန်လမ်းမကြီးတွေ အက်ကွဲကြောင်း ဖြစ်ပေါ်နေသလို ပုဗ္ဗသီရိဆေးရုံကြီးဟာလည်း ပျက်စီးသွားပေမဲ့ စစ်ကောင်စီဘက်က တာဝန်ရှိသူတွေ လာရောက် စစ်ဆေးတာမျိုး မတွေ့ရသေးဘူးလို့ ဆိုပါတယ်။
မတ်လ ၂၈ ရက်က ၇.၇ ပြင်းအားရှိ မြေငလျင် လှုပ်ခတ်မှုကြောင့် ရှမ်းတောင်အပါအဝင် နေပြည်တော်၊ စစ်ကိုင်းနဲ့ မန္တလေးတိုင်းမှာ လူပေါင်း ၃ ထောင်နီးပါး သေဆုံးခဲ့ပြီး လူနေအိမ် သောင်းချီ ပျက်စီးခဲ့တယ်လို့ စစ်ကောင်စီက ထုတ်ပြန်ထားပါတယ်။