ပျားကြီး၊ မေ ၂၁၊ မန္တလေး
မိုးအဆက်မပြတ်ရွာသွန်းမှုကြောင့် မန္တလေးမြို့ပေါ်က ငလျင်ဒဏ်သင့်အဆောက်အဦးတစ်ခု ဒီနေ့မေလ ၂၁ရက် မနက်အစောပိုင်းက ပြိုကျမှုဖြစ်ပွားခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
မနေ့ မေလ ၂၀ ရက် ညပိုင်းကမိုးအဆက်မပြတ်ရွာသွန်းမှုကြောင့် မဟာအောင်မြေမြို့နယ်၊ ၈၉ လမ်း၊ ၃၆ လမ်းနဲ့ ၃၇ လမ်းကြား၊ ပဲပုပ်တန်းရပ်ကွက်က အဆောက်အဦး ပြိုကျခဲ့တာဖြစ်ပြီး မဟာဓာတ်အားလိုင်း လျှပ်စစ်မီးကြိုးတွေခံနေတဲ့အတွက် အလုံးစုံပြိုကျမှုတော့ မရှိသေးပါဘူး။
“မိုးရွာနေတဲ့အချိန်ကြီးကို တအိအိနဲ့ပြိုကျလာတာ။ 11 KV ၃ ကြိုးကပိုက်ပေးထားသလိုဖြစ်လို့သာ လုံးဝပြိုမကျသေးတာပေါ့။ ပြိုတော့ပြိုမှာ၊ မခံတော့ဘူး။ ဘေးအိမ်တွေကတော့ မိုးထဲရေထဲကိုအမြန်ရှောင်လိုက်ရတာ”လို့ပြိုကျမှုဖြစ်ပွါးခဲ့တဲ့အဆောက်အဦး အနီးမှာနေထိုင်သူ ဒေသခံတစ်ဦးက ပြောပါတယ်။
အဆောက်အဦးပြိုကျမှုမှာ လူထိခိုက်မှုတစုံတရာမရှိခဲ့ပေမဲ့ အန္တရာယ်ရှိနေသေးတာကြောင့် အနီးဝန်းကျင်မှာနေထိုင်သူတွေဟာ ဘေးလွတ်ရာကို ရှောင်တိမ်းထားရပါတယ်။
အင်အားပြင်းစစ်ကိုင်းငလျင်လှုပ်ခတ်မှုဖြစ်စဥ်နောက်ပိုင်း မန္တလေးမြို့မှာ မကြာခဏမိုးရွာသွန်းမှုတွေရှိခဲ့တာကြောင့် ငလျင်ဒဏ်သင့်အဆောက်အဦးပြိုကျမှု ၄ ကြိမ်ထက်မနည်းရှိခဲ့ပြီး သစ်ပင်ပြိုကျမှုတွေလည်းရှိခဲ့တယ်လို့ ဒေသခံတွေကဆိုပါတယ်။
အခုလိုအဆောက်အဦးနဲ့ သစ်ပင်ပြိုလဲကျမှုကြောင့် အနည်းဆုံး လူ ၃ ဦးသေဆုံးခဲ့ပြီး ထိခိုက်ဒဏ်ရာရသူ ၁၀ ဦးထက်မနည်းရှိခဲ့တယ်လို့ သိရပါတယ်။
အခုလို ငလျင်ဒဏ်သင့်အဆောက်အဦးပြိုကျမှုတွေဟာ စစ်ကောင်စီလက်အောက်ခံ မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီရဲ့ အဆောက်အဦး ဖြိုဖျက်ဖို့ခွင့်ပြုချက်တွေ နှောင့်နှေးနေတာကြောင့်ဖြစ်တယ်လို့ အသက် ၅၀ အရွယ် မန္တလေးဒေသခံတစ်ဦးက ဆိုပါတယ်။
မတ်လ ၂၈ ရက်ကလှုပ်ခတ်ခဲ့တဲ့ အင်အားပြင်းစစ်ကိုင်းငလျင်ကြောင့် မန္ဆလေးမြို့မှာ အဆောက်အဦပေါင်းထောင်နဲ့ချီပြီးပျက်စီးခဲ့ပြီး လက်ရှိအချိန်ထိဖြိုဖျက်မှုတွေမလုပ်နိုင်သေးတဲ့အန္တရာယ်ရှိအဆောက်အဦးပေါင်း ရာနဲ့ချီပြီးရှိနေသေးတယ်လို့ သိရပါတယ်။
ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။