မိုင်းပန်ပျော်၊ မတ်လ ၁၃ ရက်၊ သီပေါ
ကိုးကန့်တပ်မတော်- MNDAA ထိန်းချုပ်ထားတဲ့ ရှမ်းမြောက် လားရှိုးနဲ့ တအာင်းတပ် ထိန်းချုပ်ထားတဲ့ သီပေါမြို့နယ်ကြားရှိ စဉ့်အင်တံတားကို ပြန်လည် ပြုပြင်နေတာကြောင့် ချောင်းကူးဖို့ ဖောင်ခ ကားတစ်စီး ၅ သောင်းခန့် ပေးနေရပါတယ်။
မနေ့ မတ်လ ၁၂ ရက်မှာ MNDAA က စဉ့်အင်တံတားကို ကြမ်းခင်း ပြန်လည် ပြုပြင်နေတာကြောင့် ကားတွေ ဖြတ်သန်းသွားလာခွင့် ပိတ်ထားပြီး ချောင်းကူးချင်ရင် ကားတစ်စီးကို ၅ သောင်း ပေးပြီး ဖောင်နဲ့ကူးလို့ရတယ်လို့ စဉ့်အင်ဒေသခံ အမျိုးသားတစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။
“တံတားက မနေ့က စပြင်တာ တံတားပေါ်က သံတွေ ခွာပြီး ကွန်ကရစ် ပြန်လုပ်မယ်ထင်တယ်။ ဒီဘက် လာချင်ရင်တော့ ဖောင်ကူးပြီး လာလို့ရတယ်။ ဖောင်ကူးခက ကားတစ်စီးကို ၅ သောင်း ၆ သောင်းလောက်တော့ ပေးရတယ်။ ဆိုင်ကယ်ဆိုရင်တော့ ၁ သောင်းကျော်လောက် ပေးရတယ်”
တံတား ပြင်တာဟာ ဘယ်လောက် ကြာမလဲဆိုတာကိုတော့ မသိရသေးဘဲ တံတားပြင်နေတဲ့ အတောအတွင်း မနက် ၇ နာရီကနေ ည ၇ နာရီအထိ ဖောင်နဲ့ ကူးပေးတာ ရှိတယ်လို့ ဆိုပါတယ်။
စဉ့်အင်တံတားဟာ ၁၀၂၇ စစ်ဆင်ရေး ပထလှိုင်းအတွင်း ၂၀၂၃ ဒီဇင်ဘာ ၅ ရက်မှာ မိုင်းနဲ့ဖောက်ခွဲခံခဲ့ရတာပဲ ဖြစ်ပါတယ်။