ရွှေဖီမြေ၊ ဇန်နဝါရီ ၂၀ ရက်
တရုတ်ရဲ့ ကြားဝင်စေ့စပ်မှုကြောင့် စစ်ကောင်စီနဲ့ ကိုးကန့်တပ်မတော်- MNDAA တို့အကြား အပစ်ရပ်ဖို့ သဘောတူလိုက်ကြောင်း တရုတ်နိုင်ငံရဲ့ နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရသူ မော်နင်းက ဒီနေ့ ဇန်နဝါရီ ၂၀ ရက် ပုံမှန်သတင်းစာရှင်းလင်းပွဲမှာ ပြောဆိုလာပါတယ်။
ပြီးခဲ့တဲ့ ဇန်နဝါရီ ၁၆ ရက်မှာ ကိုးကန့်တပ်နဲ့ စစ်တပ်တို့အကြား တရုတ်နိုင်ငံ ကူမင်းမြို့မှာ တွေ့ဆုံခဲ့ပြီး ဇန်နဝါရီ ၁၈ ရက်ကစပြီးတော့ အပစ်ရပ်ဖို့ သဘောတူခဲ့ကြရာ နှစ်ဖက်တပ်အကြား သဘောတူညီမှုအသေးစိတ်ကို မော်နင်းက ထည့်သွင်းပြောဆိုတာ မရှိသေးပါဘူး။
တစ်ဖက်မှာလည်း ကိုးကန့်တပ်အနေနဲ့ လားရှိုးမြို့ကနေ ပြန်ဆုတ်ရမယ်ဆိုတဲ့ သတင်း ထွက်ပေါ်နေပြီး ရွှေဖီမြေအနေနဲ့ သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပါဘူး။
ကိုးကန့်တပ်နဲ့ စစ်တပ်တို့အကြား အပစ်ရပ်ဖို့ သဘောတူညီပြီးနောက် ကိုးကန့်တပ် ထိန်းချုပ်ထားတဲ့ တရုတ်-မြန်မာနယ်စပ်ဂိတ်ဖြစ်တဲ့ ချင်းရွှေဟော်နဲ့ ရန်လုံကျိုင်းနယ်စပ်ဂိတ်ကို တရုတ်ဘက်က ပြန်ဖွင့်ထားသလို ကိုးကန့်နဲ့ “ဝ”ဒေသကြား ကုန်စည်သယ်ယူခွင့်ကိုလည်း ပြန်လည် ခွင့်ပြုပြီလို့ UWSA က ထုတ်ပြန်ထားပါတယ်။
ကိုးကန့်တပ်နဲ့ စစ်တပ်တို့အကြား အပစ်ရပ်ဖို့ သဘောတူခဲ့တာနဲ့ ပတ်သက်ပြီး စစ်ကောင်စီတပ်နဲ့ ကိုးကန့်တပ်ဘက်ကတော့ တစ်စုံတစ်ရာ ထုတ်ဖော်ပြောဆိုတာ မရှိသေးပါဘူး။
MNDAA ဟာ ၁၀၂၇ စစ်ဆင်ရေးအတွင်း စစ်ကောင်စီရဲ့ အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တည်ရှိရာ လားရှိုးမြို့အပါအဝင် လောက်ကိုင်၊ ကုန်းကြမ်း၊ ချင်းရွှေဟော်၊ ကွမ်းလုံ၊ တာမိုးညဲ၊ သိန္နီ၊ မုံးကိုးနဲ့ ပန်ဆိုင်း(ကြူကုတ်) စတဲ့မြို့တွေကို တိုက်ခိုက်သိမ်းပိုက်ထားပါတယ်။