ပို့လဘား၊ ဇန်နဝါရီ ၁၇ ရက်၊ တန့်ယန်း
ရှမ်းမြောက် တန့်ယန်းမြို့မှာ မိသားစု ပြဿနာ ဖြစ်ရာကနေ ဦးလေးဖြစ်သူက တူလေးကို သေနတ်နဲ့ ပစ်ခတ်လို့ ထိခိုက်ဒဏ်ရာ ရရှိခဲ့တယ်လို့ ဖြစ်စဉ်သိရှိသူ အမျိုးသားတစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။
ပြီးခဲ့တဲ့ ဇန်နဝါရီ ၉ ရက်က တန့်ယန်းမြို့ ရပ်ကွက် ၃ မှာ အသက် ၁၆ နှစ်အရွယ် မောင်ရှိန်းရန်နောင်ဟာ အခန်းကို သန့်ရှင်းရေးလုပ်ရာ ၅၈ နှစ်အရွယ်ရှိ ဦးလေးဖြစ်သူ ဦးထွန်းဦးမောင်နဲ့ စကားများ ရန်ဖြစ်ပြီးနောက် လည်ပင်းကို သေနတ်နဲ့ ပစ်ခတ်လိုက်လို့ ဒဏ်ရာ ရရှိခဲ့တာပါ။
“သူတို့က အိမ်နှစ်အိမ် ရှိတယ်။ တစ်အိမ်က သူတို့အဖေနဲ့ နေတယ်။ တစ်အိမ်ကျ သူတို့ဦးလေးတို့နဲ့အတူ ပေါင်းနေတာ။ သူ့အစ်ကိုက မိန်းမ ခိုးလာတော့ သူက သူ့ဦးလေးနေတဲ့ အိမ်ဘက်ကို သူ့အစ်ကို နေဖို့အတွက် အခန်းသန့်ရှင်းရေး သွားလုပ်ပေးနေတယ်။ သူတို့ကို မနေစေချင်လို့ စကားများကြတယ်။ သူ့ကို သေနတ်နဲ့ ချိန်တယ်။ တစ်ခါ ပစ်လိုက်တာ ကျည်ဆံရဲ့အခွံဘဲ ထွက်တယ်။ ပြီးတော့ သူ့အစ်မက သွားတားတယ် သူ့ဦးလေးကို မပစ်နဲ့ဆိုပြီး တောင်းပန်တယ် မရဘူး။ နှစ်ယောက်လုံးကို ပစ်သတ်မယ်ဆိုပြီး သူ့ဦးလေးက ပြောလိုက်တယ်။ ပစ်လိုက်တဲ့အချိန် သူ့တူရဲ့လည်ပင်း ညာဘက်မှာ ပစ်လိုက်တာ”
ဦးလေးဖြစ်သူဟာ ထွက်ပြေးသွားပြီး လက်ရှိအချိန်ထိ ရဲတပ်ဖွဲ့ဘက်က ရှာဖွေနေဆဲဖြစ်တယ်လို့ သူက ဆက်ပြောပါတယ်။
ပြီးခဲ့တဲ့ နိုဝင်ဘာ ၂၅ ရက်မှာလည်း အမည်မသိ အမျိုးသားတစ်ဦးက တန့်ယန်းမြို့ ရပ်ကွက် ၉ မှာ နေထိုင်တဲ့ အမျိုးသားတစ်ဦးကို သေနတ်နဲ့ ပစ်သတ်ခဲ့တဲ့ဖြစ်စဉ် ရှိခဲ့ဖူးပါတယ်။