လွေးထွေး၊ မေလ ၁၁ ရက်၊ နမ့်ခမ်း
ရှမ်းမြောက် နမ့်ခမ်းမြို့နယ် လွယ်ချပ်အုပ်စုမှာ မူးယစ်ဆေးဝါး ရောင်းဝယ်သုံးစွဲသူ များလာပြီး စားဝတ်နေရေးအတွက် အသက်မပြည့်သေးတဲ့ ကလေးတွေဟာ ပြည်ပဘက် အလုပ် ထွက်လုပ်နေရကြပါတယ်။
လွယ်ချပ်အုပ်စု ဆောရမ်၊ ပန်လုံ၊ အော်ကား၊ ဖတ်မုံ စတဲ့ကျေးရွာမှာ မူးယစ်ဆေးဝါး ရောင်းဝယ်သုံးစွဲသူ များလာသလို အိမ်တွင်းအကြမ်းဖက်မှုပြဿနာလည်း ကြုံနေရကြောင်း ဒေသခံတစ်ဦးရဲ့ ပြောပြချက်အရ သိရပါတယ်။
အရင်နှစ်တွေကတည်းက မူးယစ်ဆေးဝါး ရောင်းဝယ်သုံးစွဲသူ ရှိခဲ့ပေမဲ့ ဒီနှစ်မှာ မူးယစ်ဆေးရောင်းသူ ပိုများလာတာကြောင့် သုံးစွဲတာတွေ ပိုများလာတယ်လို့ ဆိုပါတယ်။
ဒေသခံတစ်ဦးက “ရွာက ရွှေလီမြစ်ဟိုဘက်ကမ်းဆိုတော့လေ။ ရွာအနီးအနားမှာ ကချင်တပ်ရှိတယ် စစ်တပ်လည်းရှိတယ်။ TNLA လည်း စစ်ကောက်တယ်။ မူးယစ်ဆေးဝါးတော့ ဘယ်သူမှ အရေးတယူ လုပ်ပေးတာ မရှိဘူး။ ရွာတိုင်းက ပျက်စီးကုန်ကြပြီ” လို့ ပြောပါတယ်။
မူးယစ်ဆေးဝါး သုံးစွဲသူတွေဟာ ကျေးရွာတစ်ရွာရဲ့ ၃ ပုံ ၂ ပုံလောက် ရှိနေပြီး အမျိုးသားအပြင် အမျိုးသမီးတွေလည်း သုံးစွဲလာကြတယ်လို့ သူက ဆက်ပြောပါတယ်။
မူးယစ်ဆေးဝါး သုံးစွဲမှုကြောင့် မိသားစုအတွင်း အိမ်တွင်းအကြမ်းဖက်မှု၊ ကျေးရွာအတွင်း လူမှုရေးပြဿနာနဲ့ အသက်မပြည့်သေးတဲ့ ကလေးတွေက ကျောင်းမတက်နိုင်တော့ဘဲ စားဝတ်နေရေးအတွက် တရုတ်ပြည်ဘက် အလုပ် သွားလုပ်နေကြရတယ်လို့ ဆိုပါတယ်။
နောက်ထပ် ဒေသခံတစ်ဦးက “တအာင်းကျေးရွာတွေဘဲဖြစ်လို့ ဒီကိစ္စကတော့ တအာင်းတပ်နဲ့ သက်ဆိုင်တယ်လို့ထင်တယ်။ ဒီထက်ပိုပြီး ဆိုးရွားလာရင် သူခိုး၊ ဓားပြတွေ ပေါလာရင် လူထုတွေ ပိုဒုက္ခရောက်ကြမှာ စိုးရိမ်တယ်။ လူသားအရင်းအမြစ်တွေလည်း ဆုံးရှုံးရအုံးမယ်” လို့ ပြောပါတယ်။
တအာင်းတပ်မတော်က တိုက်ခိုက်သိမ်းပိုက်ထားတဲ့ မြို့နယ်တွေမှာ မူးယစ်ဆေးဝါး တိုက်ဖျက်ရေး လုပ်ဆောင်နေပေမဲ့ မူးယစ်ဆေးဝါး ရောင်းဝယ်သူသုံးစွဲသူ ဆက်လက် မြှင့်တက်နေဆဲ ဖြစ်ပါတယ်။