ဆဏ်းမောင် (ကွတ်ခိုင်)
မသန်စွမ်းတွေရဲ့ ဘ၀နေထိုင်မှု၊သွားလာလှုပ်ရှားပုံတွေကို လူကောင်းပကတိတွေက တုပပြီး ဟာသ လုပ်ကြတယ်။ အထူးသဖြင့် ရုပ်ရှင် ဇာတ်၀င်ခန်းတွေ နှင့် သဘင်တွေရဲ့ ပြက်လုံးခွင် တွေမှာ တွေ့ရပါတယ်။ သူတို့ဘ၀တွေကို လူတွေ စာနာငဲ့ညှာဖို့ ဂရုဏာသက်စေမယ့်ဇာတ်အိမ် တင်ပြမှုမျိုး မဟုတ်ဘူး။
မသန်စွမ်းသူတွေရဲ့ ဘ၀ပေးကို လူအများက ဖေးမစာနာ နားလည်တတ်စေဖို့ အနုပညာ က ပုံဖော်တင်ဆက်ပေးရမယ်။
ဥပမာဗျာ
“သံချောင်း “လို ဇာတ်လမ်းမျိုး ၊ မိသားစုထဲမှာ ပိုလီယိုကောင်လေးတစ်ယောက်ပါလာတယ်။ ညီအစ်ကိုမောင်နှတွေက နှိမ်ချိုး အနိုင်ကျင့်ကြတယ်။ ဒီ ဇာတ်ကောင်နေရာမှာ ထွန်းထွန်း ကို သရုပ်ဆောင်စေတယ်။ ကြည့်ဖူးကြမယ် ထင်ပါတယ်။
နောက် ကျနော်တို့ငယ်ငယ်(၁၉၉၀-၀န်းကျင်)က နာမည်ကြီးတဲ့ ” ပိုလီယို မေတ္တာ ” ဆိုတဲ့ ဇာတ်ကားနာမည်ကြီးခဲ့တယ်။ ပုဂံမြေကို နောက်ခံထားပြီး ရုပ်ရှင်လာရိုက်တဲ့ မင်းသမီးကို စွဲလမ်းခဲ့တဲ့ ပိုလီယို ဝေဒနာရှင် လူငယ်လေးအဖြစ် “မေတ္တာ” က ပီပြင်အောင် သရုပ်ဆောင်တယ်။
ရုံအ၀င်ဘလက်ဘုတ်မှာ “လက်ကိုင်ပုဝါလေး ဆောင်လာပါ ” ဆိုပြီး ညွှန်းရလောက်အောင် ပရိတ်သတ်တွေရင်ထဲကို ဂရုဏာသက်၀င် တာများ ငိုချင်လာတဲ့ အထိပါပဲ။ မသန်စွမ်းတွေရဲ့ ခံစားချက်ကို ကိုယ်ချင်းစာတတ်လာတဲ့အထိ အနုပညာနှင့် ဖော်ကြူးခဲ့ကြတယ်။
တော်လှန်ရေး မင်းသားရယ် လို့ မဖြစ်သေးမီ ဗီဒီယိုခေတ်ဦးပိုင်း ကသဘာ၀မင်းသားကြီး သီဟတင်စိုး က ခိုင်ခင်ဦး နှင့် တွဲဖက်ပြီး
“ဆယ်ပြားလို ” ဆိုတဲ့ နာမည်နှင့် ဇာတ်ကား ရိုက်ဖူးခဲ့တယ်။ ဉာဏ်ရည်မမီတဲ့ လူငယ်တစ်ယောက်ရဲ့ ရင်နင့်ဖွယ် အချစ်ဇာတ်လမ်း
လေးပေါ့။ နောက်ပိုင်း အလားတူ ဇာတ်ရုပ်မျိုး မြင့်မြတ်လည်း ရိုက်ခဲ့တာပါပဲ။
နောက်တစ်ခုက အဆိုတော် လွှမ်းမိုး ရဲ့ “ကိုပေါ” သီချင်း။ ဉာဏ်ရည်မမီပေမယ့် သူ့ရင်ထဲက မေတ္တာတရာကို နင့်နေအောင် သီချင်း ဖန်တီးထားတာ။ ဟော ! ရုပ်ရှင်၊ဗီဒီယို တွေမှာလည်း ဇာတ်အိမ်မပြောင်းဘဲ သရုပ်ဆောင်တွေအလီလီ ခေတ်အဆက်ဆက်ပြောင်းပြီး နုနယ် တဲ့ မသန်စွမ်းတွေရဲ့ နှလုံးသားကို တင်ပြခဲ့ကြတယ်။
ဒီလိုမျိုး အနုပညာဖန်တီးအားထက်
မသန်စွမ်းသူတွေရဲ့ ပြောဆိုပုံ ၊ လှုပ်ရှားသွားလာမှုတွေကို ဟာသသဏ္ဍာန်နှင့် တင်ဆက်တဲ့အခါ ရီ(ရယ်)စရာလိုပွဲကျ နေတဲ့ မြန်မာပရိတ်သတ်တွေလည်း နောက်ပိုင်းများ ပိုများလာတယ်။ ဒီလိုတွေလုပ်ပြတော့ ပရိတ်သတ်က မပြုံးဘဲ ဝါးလုံးကွဲမတတ် ရယ်မောကြတယ်။
အနုပညာ ဆိုတာ ငါးပွက်ရာ၊ငါးစာချရတာမျိုး
ကျင့်သုံးလာကြတာ များလာတယ်။
ပရိတ်သတ်က ဒါမျိုးသဘောကျရင် အနုပညာရှင်က ဒါကိုပဲ ထပ်ခါထပ်ခါ တင်ဆက်ရတယ်။ သူတို့ဘက်က ကြည့်ရင်လည်း ပရိတ်သတ်က ထမင်းရှင်ကိုးဗျ။
ဒါမျိုး လှုပ်ရှားမှုမျိုးကို ရယ်စရာအနေနဲ့ ရယ်မောလိုတဲ့ မြန်မာ့လူ့၀န်းကျင်လည်း အပြစ်တင်လို့ ရနေပြန်ရော။ ဘာပဲဖြစ်ဖြစ် ဇာတ်သမားလာရင် မှတ်သားစရာပါတယ်၊ဇာတ်သမားပြန်ရင် မှတ်သားစရာ ကျန် သတဲ့။ ဆိုရိုးစကားလည်း ရှိထားတယ်ဗျာ။ ပရိတ်သတ်အတွက် မှတ်သားစရာတွေကို အနုပညာရှင် ဇာတ်သဘင်တွေက အပတ်တကုတ် လေ့လာဆည်းပူးပြီး ဖျော်ဖြေရေးအနေနဲ့ တင်ဆက်ကပြကြရတာမျိုး မဟုတ်လား။
လူတဖက်သားရဲ့ အားနည်းချက်ကို ရယ်စရာ ပြက်လုံး ထုတ်တာဟာ ဟာသ ပညာမဟုတ်ပါဘူး။ တကယ်လည်း လူတွေရယ်မောစေဖို့ ဆိုတာ အင်မတန် ခက်ခဲပါတယ်။ ကမ္ဘာကျော် ဟာသသရုပ်ဆောင် ချာလီချက်ပလင်ဟာ စကားတစ်ခွန်းမှ မပြောဘဲ သူ့ရဲ့မျက်နှာရိပ်၊ ကိုယ်နေ ဟန်ပန်အမူအရာနှင့် တစ်ကမ္ဘာလုံးကို ရယ်မောစေတယ်။
ခေတ်နှင့် လိုက်လျောညီထွေပြီး ဖြစ်ပျက်နေတာတွေကို ဟာသရှုတောင့်တွေ အနေနှင့် မျက်ခြေမပြတ် သင်ယူနေမယ်ဆိုရင်တော့ ဟာသခွင်တွေ ရှိနေပါတယ်။
ကျနော်ကတော့ ပရိသတ်တွေက ဒီလို လုပ်ပြမှ ရယ်ကြတယ်ဆိုပြီး မဲပြားပုဆိုးလို တစ်ခါလာလည်း မသန်စွမ်းသူတွေ လှုပ်ရှားသလို
ပြက်လုံးခွင်တွေနှင့်ဆိုရင် အားမပေးပါဘူး။ လူ့လောက လူ့၀န်းကျင်အလယ်မှာ ရှင်သန်နေထိုင်နေတဲ့ အမျိုးမျိုးသော မသန်စွမ်းတွေကို
ပျက်ရယ်ပြု ချိုးနှိမ်သလို ခံစားရပါတယ်။
အောင်ဇဗ္ဗူ ဇာတ် ပြန်ကရခြင်း၊ မကရခြင်းကို ကျနော် စိတ်မ၀င်စားပါဘူး။ ဘာ့ကြောင့် ဒီပြသာနာ ဖြစ်ပျက်တယ် ဆိုတာကိုတော့ ပိုင်းခြားဝေခွဲရမှာပါ။ မြန်မာ့ဇာတ်သဘင် ပြန်လည်ဦးမော့လာတာ မြန်မာလူမျိုးတစ်ယောက်အတွက် ၀မ်းသာစရာပါပဲ။ ပြည်သူကို ဖျော်ဖြေပေးတာကို ဘယ်တော်လှန်ရေးသမားကမှ မကန့်ကွက်ကြပါဘူး။
ပျော်လို့ရနေသေးတဲ့ ပြည်သူတွေ ပျော်ရွှင်ကြပါစေ။ ဒီလောက်ပါပဲ။
~ ~ ~
ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။