မိုင်းအရှိုင်း၊ ဇူလိုင် ၂၂ ရက်၊ ရွှေဖီမြေ
သိန္နီမြို့ကနေ ကိုးကန့်တပ်- MNDAA က ပြန်လည်ဆုတ်ခွာဖို့ စစ်ကောင်စီနဲ့ သဘောတူလိုက်တယ်လို့ ဒေသတွင်း သတင်းတွေမှာ ရေးသားဖော်ပြနေကြပါတယ်။
တရုတ်ကြားဝင်စေ့စပ်ပေးမှုနဲ့ ပြီးခဲ့တဲ့အပတ်ထဲ လားရှိုးမြို့ ဆင်နှစ်ကောင်ဟိုတယ်မှာ MNDAA နဲ့ စစ်ကောင်စီတို့ ဆွေးနွေးပွဲမှာ သဘောတူညီခဲ့တယ်ဆိုပြီး သတင်းထွက်ပေါ်နေတာပဲ ဖြစ်ပါတယ်။
ဒေသခံ အမျိုးသားတစ်ဦးကတော့ “ကိုးကန့်တပ်က ဈေးဟောင်းနေရာမှာ ဆေးရုံဆောက်ဖို့ လုပ်ထားတာ။ အဲဒီဆေးရုံဆောက်ဖို့ လုပ်တာက နားလိုက်ပြီ။ ကျန်တာတော့ လုပ်နေတုန်းပါပဲ” လို့ ရွှေဖီမြေကို ပြောပါတယ်။
သိန္နီမြို့ကနေ စက်တင်ဘာလအတွင်း ပြန်လည်ဆုတ်ခွာမယ့်သတင်း ထွက်ပေါ်ချိန် MNDAA က မြို့ရဲ့ အုပ်ချုပ်ရေးလုပ်ငန်းတွေ တိုးမြှင့်လုပ်ဆောင်နေဆဲ ဖြစ်တယ်လို့ သိရပါတယ်။
“ပြန်ဆုတ်မယ်လို့ သတင်းက ကြားတော့ ကြားမိတယ်။ မဖြစ်နိုင်ဘူးတော့ ထင်တယ်။ ဘာလို့လဲဆိုရင် တရုတ်လုပ်ငန်းရှင်တွေ တရုတ်ငွေ သိန်းဆယ်နဲ့ချီ ဒီမှာ လာရင်းနှီးထားတာဆိုတော့။ ပြီးတော့ အခု မှတ်ပုံတင်တွေဘာတွေ လုပ်ဖို့တောင် စာရင်းတွေ ကောက်ပြီးပြီ” လို့ သိန္နီမြို့ခံတစ်ဦးက ပြောဆိုပါတယ်။
ဒါ့အပြင် သိန္နီမြို့တွင်းရှိ ဆိုင်အားလုံးကို တရုတ်စာနဲ့ မြန်မာစာ ပူးတွဲရေးသားကြဖို့ MNDAA က ပြောဆိုထားတာလည်း ရှိတယ်လို့ သူက ဆက်ပြောပါတယ်။
သိန္နီမြို့အပြင် MNDAA ထိန်းချုပ်ထားတဲ့ ကွမ်းလုံနဲ့ မုံးကိုးမြို့ကိုလည်း စစ်ကောင်စီထံ ပြန်ပေးရမယ်လို့လည်း သတင်း ထွက်နေပေမဲ့ ကိုးကန့်တပ်ဘက်ကတော့ အုပ်ချုပ်ရေးကို တိုးမြှင့်ဆောင်ရွက်ဆဲ ဖြစ်ပါတယ်။
ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။