ပို့လဘား၊ ဇူလိုင် ၂၅ ရက်၊ မန်ဝိန်း
ကွတ်ခိုင်မြို့နယ် မန်ဝိန်းကျေးရွာမှာ ဒေသခံတစ်ဦးကို ရှမ်းပြည်တိုးတက်ရေးပါတီ SSPP တပ်ရင်းမှူးက ပစ်သတ်ခဲ့ပြီး အဲကိစ္စကို အရေးယူဖို့ ဒေသခံတွေ တောင်းဆိုပေမယ့် လက်ရှိအချိန်ထိ အရေးယူပေးတာ မရှိသေးဘူးလို့ ဒေသခံတစ်ဦးက ပြောပါတယ်။
အဆိုပါကိစ္စနဲ့ပတ်သက်ပြီး ဒေသခံတွေက အဲဒီတပ်ရင်းမှုးကို အရေးယူအပြစ်ပေးဖို့ တောင်းဆိုထားတာဖြစ်ပြီး အဲဒီကိစ္စဖြစ်စဉ်ကို စုံစမ်းဖော်ထုတ်အရေးယူမှာဖြစ်ကြောင်း SSPP က ပြီးခဲ့တဲ့ ဇူလိုင် ၂၂ ရက်မှာ ထုတ်ပြန်ထားခဲ့တာ ဖြစ်ပါတယ်။
“အခုချိန် ဘာမှဖြေရှင်းပေးတာ မရှိသေးဘူး။ သူတို့က ဟိုရှောင်ဒီရှောင်လုပ်နေတာ။ ရွာသားတွေက သူတို့ရုံးအထိတောင် သွားတယ်။ သူဘယ်ရောက်မှန်း မသိတော့ဘူး။ သူ့တပည့်တွေ ပြောတာတော့ ရွာမာသူလာမယ်တဲ့။ ဒါပေမယ့် အခုထိလာတာမရှိသေးဘူး” လို့ ဒေသခံအမျိုးသားတစ်ဦးက ပြောပါတယ်။
အဲဒီ SSPP ရဲ့ အမှတ် ၁၈၀ တပ်ရင်းမှူး အရာရှိဖြစ်သူ စိုင်းစိန္နက အသက် ၃၃ နှစ်အရွယ်ရှိတဲ့ စိုင်းဆမ်ထွန်းဆိုသူကို ပြီးခဲ့တဲ့ ဇူလိုင် ၁၈ ရက် ည ၁၀ နာရီခွဲမှာ ဖမ်းဆီးခေါ်ဆောင်သွားပြီး မိန်းဝိန်းကျေးရွာကနေ ထွက်လာနေတဲ့အချိန်မှာ စိုင်းဆမ်ထွန်းက ကားပေါ်ကနေ ခုန်ချထွက်ပြေးသွားတယ်ဆိုတဲ့အကြောင်းပြချက်နဲ့ သေနတ်နဲ့ ပစ်သတ်ခဲ့တာဖြစ်ပါတယ်။
“သူတို့ အင်အား၂၀ နဲ့ မိုင်းယားကနေ ကား ၂ စီးနဲ့ စီးလာပြီး သူ့ကိုခေါ်သွားတယ်။ လယ်ကွက်ရောက်တဲ့အချိန်မှာ သူကကားပေါ်ကနေ ထွက်ပြေးတယ်။ ထွက်ပြေးတော့ အဲဒီတပ်ရင်းမှူးက သူ့ရင်ဘတ်နဲ့ ခြေထောက်ကို သေနတ်နဲ့ ပစ်လိုက်တာ” လို့ ဆိုပါတယ်။
ပြီးခဲ့တဲ့ ဇူလိုင်လ ၁၉ ရက်မှာ ပန်ဆိုင်းမြို့ဘက်က SSPPရဲ့ တာဝန်ရှိသူတွေက မန့်ဝိန်းကျေးရွာက ဒေသခံတွေကို လာရောက်တွေဆုံပြီး အဆိုပါကိစ္စကို ဖြေရှင်းပေးခဲ့ပေမယ့် ဒေသခံတွေအနေနဲ့ ကျေနပ်မှုမရှိကြသေးပါဘူး။
ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။