ရွှေဖီမြေ၊ သြဂုတ် ၃ဝ ရက်
စစ်ကောင်စီတပ် အင်အား အလုံးအရင်းနဲ့ ထိုးစစ် ဆင်နေတဲ့ ကျောက်မဲမြို့နယ် နောင်ပိန်ဒေသမှာ တိုက်ပွဲ ဝင်နေတဲ့ တအာင်းတပ်မတော်- TNLA ရဲ့ ရဲဘော်တွေအတွက် တအာင်းလူထုက တအာင်းတပ်သားတွေဆီကနေတဆင့် ဆေးဝါးအပြင် အစားအသောက် ချက်ပြုတ်ပြီး ပို့ဆောင်ပေးနေပါတယ်။
ပို့ဆောင်ပေးတဲ့အထဲ အခြေခံဆေးဝါးအပြင် အသင့်စားလို့ရမယ့် ထမင်းဟင်းတွေကို ပို့ဆောင်ပေးခဲ့တယ်လို့ သတင်းရင်းမြစ်တစ်ဦးက ပြောပါတယ်။
“ပို့ပေးတဲ့အထဲမှာတော့ အခြေခံဆေးဝါးဖြစ်တဲ့ ဓာတ်ဆား၊ ယားနာပျောက်ဆေး အရေးပေါ် လိုအပ်တဲ့ ဆေးဝါးတွေ ပါတယ်။ ပြီးတော့ အခြောက်ကြော်ထားတာတွေ ပြီးတော့ ဆေးလိပ်ကို Package လုပ်ပြီး ထည့်ပေးတာပေါ့”
ရှေ့တန်းမှာ တိုက်ပွဲ ဝင်နေတဲ့ တအာင်းရဲဘော်တွေအတွက် အခြေခံ ဆေးဝါးနဲ့ အစားအသောက်တွေကို ဆက်လက် ပို့ဆောင်ပေးသွားမှာဖြစ်ကြောင်း ၎င်းက ဆက်ပြောပါတယ်။
သြဂုတ် ၁၉ ရက်ကစပြီး အင်အား ရာချီရှိတဲ့ စစ်ကောင်စီ စစ်ကြောင်းဟာ နောင်ချိုကနေ ဂုတ်ထိပ်ချောင်းကိုဖြတ်ပြီး ရှမ်းတပ်မတော်- SSPP ထိန်းချုပ်ထားတဲ့ နောင်ပိန်ရွာအနီး ထန်းတပင်ရွာကနေ နောင်ပိန်ရွာဘက် ထိုးစစ် ဆင်လာတာပဲ ဖြစ်ပါတယ်။
ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။