ယာရူစိင်၊ ဒီဇင်ဘာ ၁၁ ရက်၊ မြောက်ဦး
အရက္ခတပ်တော်(AA)ထိန်းချုပ်ထားတဲ့ ရခိုင်ပြည် မြောက်ဦးမြို့မှာ အရပ်သားတွေ ဆေးကုသနေတဲ့ ဆေးရုံကြီး ဗုံးကြဲခံရမှုမှာ သေဆုံးသူ ၃၃ ဦးတိုးလာပြီး ဒဏ်ရာရသူလည်း ၇၆ ဦးအထိ ရှိတယ်လို့ မြောက်ဦးမြို့ခံ အမျိုးသားတစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။
စစ်ကောင်စီတပ်ရဲ့ ဗုံးကြဲတိုက််ခိုက်မှုကြောင့် သေဆုံးသူ ၃၃ ဦးထဲက မူစလင် အမျိုးသား ၂ ဦးပါဝင်နေသလို ကလေးငယ်နဲ့ အမျိုးသမီးအများစုလည်း ပါဝင်နေတယ်လို့ ဆိုပါတယ်။
“သေဆုံးတဲ့ထဲက အမျိုးသမီးက ပိုများပါတယ်။ သက်ကြီးရွယ်အိုတွေလည်း ပါဝင်ပါတယ်။ ဒီတိုက်ခိုက်မှုက ဒေသခံတွေကို ပစ်မှတ်ထားတာပါ။ ဆေးရုံက တာဝန်ကျတဲ့ ဆရာမတချို့လည်း သေဆုံးခဲ့ရတယ်လို့ သိရပါတယ်။ ဒဏ်ရာရတဲ့ထဲက ၂၀ ဦးကတော့ ဒဏ်ရာပြင်းထန်တာရှိတယ်”လို့ မြောက်ဦးမြို့ခံ အမျိုးသားတစ်ဦးက ပြောပါတယ်။
မနေ့ ဒီဇင်ဘာ ၁၀ ရက် ည ၉ နာရီ ၁၃ မိနစ်မှာ တိုက်ပွဲဖြစ်ပွါးခြင်းမရှိပဲ မြောက်ဦးမြို့ရှိ ဆေးရုံကြီးကို စစ်ကောင်စီတပ်က လေကြောင်းကနေ ပေါင် ၅၀၀ ဗုံး ၂လုံး ကြဲချတိုက်ခိုက်ခဲ့တာပါ။
စစ်ကောင်စီတပ်ရဲ့ လုပ်ရပ်ဟာ စစ်သားမဆန်တဲ့လုပ်ရပ်ဖြစ်ပြီး စစ်ရာဇဝတ်မှုတွေပြောင်ပြောင်တင်း ကျူးလွန်နေမှုတွေ ဖြစ်တယ်လို့ AA ရဲ့ပြောရေးဆိုခွင့်ရှိသူခိုင်သုခက သတင်းမီဒီယာတွေမှာ ဖြေကြားထားပါတယ်။
~ ~ ~
ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။