ယာရူစိင်၊ စက်တင်ဘာ ၁၃ ရက်၊ ကျောက်တော်
ရခိုင်ပြည်နယ် ကျောက်တော်မြို့နယ် သရက်တပင်ကျေးရွာရှိ ကိုယ်ပိုင်ကျောင်း ၂ ကျောင်းဖြစ်တဲ့ ပညာပန်းခင်းနဲ့ အမြင်သစ် ကိုယ်ပိုင်ကျောင်း ဗုံးကြဲခံရမှုမှာ သေဆုံးသူ ၂၃ ဦးအထိ တိုးလာတယ်လို့ ကျောက်တော်မြို့ခံ အမျိုးသားတစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။
ထပ်တိုးသေဆုံးသူဟာ အသက် ၁၇ နှစ်အရွယ် မောင်အောင်ငြိမ်းဖြိုးဖြစ်ပြီး ဒီနေ့ စက်တင်ဘာလ ၁၃ ရက် မနက် ၉ နာရီဝန်းကျင်မှာ သေဆုံးသွားတာပဲ ဖြစ်ပါတယ်။
“ဒီနေ့ မနက်ထပ်တိုးတဲ့တစ်ယောက်က ဒဏ်ရာပြင်းထန်တဲ့ သူပါ။ သေဆုံးမှုတွေလည်း ထပ်တိုးလာနိုင်ပါတယ်။ တစ်ကျောင်းနဲ့ တစ်ကျောင်းက နီးနီးလေးမလို့ပါ။ စစ်ကောင်စီက ရည်ရွယ်ချက်ရှိရှိ စစ်ရာဇဝတ်မှုဉပဒေကို ကျူးလွန်သွားတာပဲ။ အပြစ်မဲ့ အရပ်သားပြည်သူတွေဟာ ပစ်မှတ်မှ မဟုတ်တာလေ” လို့ ကျောက်တော်မြို့ခံ အမျိုးသားတစ်ဦးက ပြောပါတယ်။
မနေ့ စက်တင်ဘာ ၁၂ ရက် မနက်အစောပိုင်း ၁ နာရီဝန်းကျင်မှာ သရက်တပင်ကျေးရွာရှိ ကိုယ်ပိုင်ကျောင်း ၂ ကျောင်းကို စစ်ကောင်စီတပ်က လေကြောင်းကနေ ပေါင် ၅၀၀ ဗုံး ၂ လုံး ကြဲချတိုက်ခိုက်ခဲ့တာကြောင့် သေဆုံးသွားကြတာအပြင် ဒဏ်ရာရရှိသူလည်း ၂၂ ဦး ရှိတယ်လို့ ဆိုပါတယ်။
အာက္ခရတပ်တော် AA ကတော့ ကျောက်တော်မြို့နယ် သရက်တပင်ရွာရှိ ကိုယ်ပိုင်ကျောင်း ၂ ကျောင်း ဗုံးကြဲခံရမှုမှာ အမျိုးသား ၁၆ ဦး၊ အမျိုးသမီး ၂ ဦးသေဆုံးပြီး အမျိုးသား ၁၃ ဦးနဲ့ အမျိုးသမီး ၉ ဦး ဒဏ်ရာရရှိပြီး နေအိမ်အဆောက်အဦး ၇ လုံးလည်း ထိမှန်ပျက်စီးခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။
ရခိုင်ပြည်နယ်က အရပ်သား အများအပြားထိခိုက်သေဆုံးစေတဲ့ စစ်ကောင်စီတပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုနဲ့ ပတ်သက်ပြီး ပြင်းထန်စွာ လက်တုံ့ပြန်သွားမယ်လို့လည်း AA က ထုတ်ပြန်ပြောဆိုထားပါတယ်။
ပြီးခဲ့တဲ့ ဩဂုတ် ၂၅ ရက် ည ၁၁ နာရီမှာလည်း မြောက်ဦးမြို့နယ် ဒိုင်းကျီရပ်ကွက်က စစ်ကောင်စီတပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုအတွင်း ကလေးအပါအဝင် သေဆုံးသူ ၁၅ ဦး ရှိခဲ့ပါတယ်။
ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။