ရဲမာန်၊ စက်တင်ဘာ ၂၈ ရက်၊ တန့်ဆည်
စစ်ကိုင်းတိုင်း တန့်ဆည်မြို့နယ် ကံထူးမရွာကို စစ်ကောင်စီတပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် အရပ်သား သေဆုံးမှုဟာ ၁၂ ဦးအထိ ရှိလာတယ်လို့ ဒေသခံ အမျိုးသားတစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။
ပြီးခဲ့တဲ့ စက်တင်ဘာ ၂၆ ရက် မနက် ၁၁ နာရီခွဲမှာ ပန့်ဆီဆိုင်နဲ့ စားသောက်ဆိုင်ကို ဂျက်ဖိုက်တာနဲ့ ပေါင် ၅၀၀ ဗုံး ၂ လုံး ကြဲချတိုက်ခိုက်ခဲ့တယ်လို့ ၎င်းက ဆိုပါတယ်။
“အခုသေဆုံးသူ ထပ်တိုးလာတာတွေက မန္တလေးကနေ ကျွန်းလှဘက် ပြန်လာတဲ့ မိသားစုထဲကပါ။ အမျိုးသားတစ်ဦးနဲ့ ကလေး ၂ ဦးပါ။ နောက်တစ်ဦးက ဖားကန့်ကနေ ပြန်လာတာ။ ရွာတောင် ပြန်မရောက်လိုက်ဘူး။ စားသောက်ဆိုင်မှာ စားရင်း ပါသွားတာ”
တိုက်ခိုက်မှုကြောင့် အမျိုးသား ၃ ဦး၊ အမျိုးသမီး ၁၀ ဦးနဲ့ ကလေး ၂ ဦး ဒဏ်ရာ ရရှိခဲ့တဲ့အပြင် စားသောက်ဆိုင်၊ ပန့်ဆီဆိုင်နဲ့ ဆောက်လက်စ နေအိမ်တစ်လုံးလည်း ပျက်စီးခဲ့တယ်လို့ ၎င်းက ဆက်ပြောပါတယ်။
စစ်တပ်က တန့်ဆည်မြို့နယ်အပြင် ရှမ်းမြောက် ကျောက်မဲမြို့နယ်နဲ့ ရခိုင်ပြည်နယ်က သံတွဲမြို့နယ်ကိုပါ မနေ့ စက်တင်ဘာ ၂၇ ရက်မှာ ပေါင် ၅၀၀ ဗုံး ၂ လုံး ကြဲချတိုက်ခိုက်ခဲ့တာကြောင့် အရပ်သား ၁ ဦး သေဆုံးပြီး ၆ ဦး ဒဏ်ရာ ရရှိခဲ့တဲ့အပြင် နေအိမ် ၁၀ လုံးကျော်လည်း ထိမှန်ပျက်စီးခဲ့ပါတယ်။
ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှု နားဆင်နိုင်ပါတယ်။