ပို့လဘား၊ ဩဂုတ် ၁၅ ရက်၊ မိုးကုတ်
တအာင်းတပ်မတော်- PSLF/TNLA ထိန်းချုပ်ထားတဲ့ မိုးကုတ်မြို့ကို စစ်တပ်က မနေ့ ဩဂုတ် ၁၄ ရက် ည ၈ နာရီခွဲက ဗုံးကြဲတိုက်ခိုက်မှုမှာ သေဆုံးသူ ၂၁ ဦးအထိ ရှိလာတယ်လို့ သတင်းအရင်းအမြစ်တစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။
မိုးကုတ်မြို့ အရှေ့ပိုင်း ရွာသစ်နဲ့ရွှေကူကြားမှာရှိတဲ့ ငါးပတ်တောင်မှာ စစ်တပ်က လေကြောင်းနဲ့ တိုက်ခိုက်ခဲ့လို့ အမျိုးသား ၅ ဦး၊ ကလေးငယ်၊ ကိုယ်ဝန်သည်နဲ့ အမျိုးသမီးအပါအဝင် ၁၆ ဦး သေဆုံးခဲ့ပြီး နေအိမ် ၁၀ လုံးထက်မနည်း ထိခိုက်ပျက်စီးခဲ့တယ်လို့ ဆိုပါတယ်။
“မိသားစု ၅ စုလောက်ကို ဆုံးတာ။ ကလေးလူကြီး ကိုယ်ဝန်သည် အကုန်သေတယ်။ အခုထိ ရှင်းလင်းလို့ မပြီးသေးဘူး။ အိမ်ပေါ်တည့်တည့် ကျတော့ ခန္ဓာကိုယ်တွေက တစ်စစီ ကောက်နေရတာ။ အတိအကျက အခု ဘက်ဖိုးနဲ့ရှာဖွေမှ ထပ်သိရတယ်။ သေတဲ့သူတွေကလည်း တစ်နေ့လုပ်တစ်နေ့စားတွေ၊ ပန်းရံ လုပ်တဲ့သူနဲ့ ဈေးသည်တွေပဲ သေတာ။ နေအိမ် ၅ လုံးလောက် ဘာမှရစရာမရှိအောင် ပျက်စီးသွားတယ်။ ထိသွားတာက ၁၀ လုံးကျော်မယ်”
အလားတူ ဒီနေ့ ဩဂုတ် ၁၅ ရက် မနက်အစောပိုင်း ၁၂ နာရီခွဲမှာလည်း ကချင်ပြည်နယ် မံစီမြို့နယ် မန်ဝိန်းကြီးမြို့ ကောင်းခန်နဲ့ ဟိုတုံရွာကို စစ်တပ်က ပေါင် ၅၀၀ တစ်လုံးနဲ့ ပေါင် ၂၅၀ နှစ်လုံး ကြဲချတိုက်ခိုက်ခဲ့လို့ ဒေသခံ ၂ ဦး သေဆုံးခဲ့ပါတယ်။
ပြီးခဲ့တဲ့ ဩဂုတ် ၉ ရက် ညနေ ၆ နာရီခွဲကျော်မှာလည်း စစ်တပ်က ဗုံးကြဲတိုက်ခိုက်ခဲ့တဲ့ မိုးကုတ်မြို့ အရှေ့ပိုင်းမှာ ဘုန်းကြီးတစ်ပါးအပါအဝင် ၅ ဦး သေဆုံးပြီး ၃ ဦး ဒဏ်ရာ ရရှိခဲ့ပါတယ်။
ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။