မြတ်နိုး၊ ဧပြီ ၁၁ ရက်၊ အင်းတော်ကြီး
ကချင်ပြည်နယ် မိုးညှင်းမြို့နယ် အင်းတော်ကြီးအနီး ဆနွင်းကုန်းကျေးရွာအုပ်စု နန့်မွန်းစုစည်းရွာနဲ့ အင်းသာရွာဘက် ဒီနေ့ ဧပြီ ၁၁ ရက် မနက်ပိုင်းက စစ်ကောင်စီတပ်၊ ရှမ်းနီပူးပေါင်းတပ်နဲ့ KIA, PDF လှည့်ကင်းတပ်ဖွဲ့တို့ တိုက်ပွဲ ဖြစ်ပွားပြီး စစ်ကောင်စီတပ်ဘက်က ၅ ဦး သေဆုံးခဲ့ကြောင်း KIA ရှေ့တန်း အသိုင်းအဝိုင်းဆီက သိရပါတယ်။
“နန့်မွန်းရွာအနီး မနက် ၄ နာရီကနေ မနက် ၈ နာရီအထိ တိုက်ပွဲ ဖြစ်တယ်။ အင်းသာရွာဘက်မှာလည်း ရှမ်းနီ ပြည်သူ့စစ်တပ်ဖွဲ့ စစ်ကြောင်း ထိုးလာလို့ တိုက်ပွဲ ဖြစ်တာ” လို့ ရှေ့တန်း သတင်းရင်းမြစ်တစ်ဦးက ပြောပါတယ်။
စစ်တပ်နဲ့ ရှမ်းနီ ပြည်သူ့စစ် ပူးပေါင်းတပ်ဖွဲ့ဘက်က ၅ ဦး သေဆုံးပြီး လက်နက်ခဲယမ်းဆက်စပ်ပစ္စည်းတွေ သိမ်းဆည်းရမိတယ်လို့ သူက ပြောပါတယ်။
“တိုက်ပွဲ ၂ ကြိမ် ဖြစ်ခဲ့တယ်။ စစ်ကောင်စီနဲ့ ရှမ်းနီ ပြည်သူ့စစ် ပူးပေါင်းတပ်ဖွဲ့ ဆုတ်ခွာသွားတယ်။ ရန်သူ့အလောင်း ၅ လောင်းနဲ့ လက်နက် ၃ လက် သိမ်းပိုက်ရရှိတယ်” လို့ နောက်ထပ် သတင်းရင်းမြစ်တစ်ဦးက ပြောပါတယ်။
KIA တပ်မဟာ ၉၊ တပ်ရင်း ၂၆ နယ်မြေဖြစ်တဲ့ ဆနွင်းကုန်းကျေးရွာအုပ်စုဘက် စစ်ကြောင်း ထိုးလာတဲ့ စစ်တပ်နဲ့ ရှမ်းနီ ပြည်သူ့စစ် ပူးပေါင်းတပ်နဲ့ KIA, PDF ပူးပေါင်းတပ်ဖွဲ့တို့ မနက် ၃ နာရီခွဲခန့်က ထိပ်တိုက် တိုက်ပွဲ ဖြစ်ပွားခဲ့တာလို့ သူက ရှင်းပြပါတယ်။
ဒါ့အပြင် ကချင်ပြည်နယ် ဗန်းမော်မြို့မှာ ဒီနေ့ မွန်းလွဲ ၁ နာရီ ၄၀ မိနစ်ခန့်က လေယာဉ်နဲ့ ဗုံးကြဲ တိုက်ခိုက်ခဲ့တဲ့အပြင် ဒုံးတွေနဲ့ပါ ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း ရှေ့တန်းသတင်းရင်းမြစ်တွေဆီက သိရပါတယ်။
ပြီးခဲ့တဲ့ ဧပြီ ၇ ရက် ညပိုင်းက စစ်ကိုင်းတိုင်းနဲ့ ကချင်ပြည်နယ်အစပ်ရှိ ကသာခရိုင် အင်းတော်မြို့က စစ်ကောင်စီရဲ့ ဂျပန် လှိုဏ်ဂူစခန်းကို KIA နဲ့ ပူးပေါင်း တော်လှန်ရေးတပ်ဖွဲ့တွေက သိမ်းပိုက်နိုင်ခဲ့ပါတယ်။