မိုင်းအရှိုင်း၊ မေလ ၁၀ ရက်၊ ကွမ်းလုံ
ကိုးကန့်တပ်- MNDAA ထိန်းချုပ်ထားတဲ့ မြို့နယ်တွေမှာ တရုတ်ဖုန်းဆင်းကတ်နဲ့ တရုတ်အင်တာနက်လိုင်းတွေ အသုံးပြုလို့ ပိုအဆင်ပြေတာကြောင့် မြန်မာဆင်းကတ်အစား တရုတ်ဆင်းကတ်တွေကို ပိုအသုံးပြုလာနေကြတယ်လို့ ရွှေဖီမြေက စုံစမ်းသိရပါတယ်။
၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းပြီးချိန် MNDAA ထိန်းချုပ်ပြီးကတည်းက အဲဒီတရုတ်ဆင်းကတ်တွေကို စတင်အသုံးပြုရတာဖြစ်တယ်လို့ ကွမ်းလုံမြို့နေ ဒေသခံတစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။
“၁၀၂၇ စစ်ပြီးကတည်းက တရုတ်ကတ်က ကွမ်းလုံမြို့ထဲ သုံးလို့စရလာတယ်။ တရုတ်ကတ်က လိုင်းပိုကောင်းတယ်။ မြန်မာကတ်က မြို့ထဲဘဲ အင်တာနက်သုံးလို့ရတာ။ အခြားရပ်ကွက်ရွာထဲမှာဆို သုံးမရဘူး။ အင်တာနက်က”
ဒါ့အပြင် ကိုးကန့်ဒေသတွင်းမှာ အင်တာနက်လိုင်းများ ကောင်းမွန်လာအောင် တရုတ်နဲ့ မြန်မာလုပ်ငန်းရှင်များက တာဝန်ခွဲဝေကာ ဆောင်ရွက်ပေးနေပြီး ဖုန်းဆက်သွယ်ရေးနဲ့ အင်တာနက်လိုင်းရရှိအောင် စစ်ကောင်စီအောက်မှ လည်ပတ်နေတဲ့ ဆက်သွယ်ရေးလိုင်းလုပ်ငန်းဖြစ်တဲ့ MyTel နဲ့ ပူးပေါင်းဆောင်ရွက်နေတယ်လို့ MNDAA က ဒီကနေ့ မေလ ၁၀ ရက်မှာ ထုတ်ပြန်လိုက်ပါတယ်။
တရုတ်ဖုန်းလိုင်းတွေဟာ သိန္နီမြို့နယ်ထဲထိ အသုံးပြုလို့ရနေပြီး ဒါဟာ သိန္နီမြို့အတွက် ပထမဆုံးအကြိမ် တရုတ်ဖုန်းလိုင်း ရရှိလာတာဖြစ်တယ်လို့ ဆိုပါတယ်။
၁၀၂၇ စစ်ဆင်ရေးစတင်ချိန်ကစပြီး ကိုးကန့်ဒေသအပါအဝင် ရှမ်းမြောက်မှာ အင်တာနက်လိုင်း မကြာခဏဖြတ်တောက်ခံခဲ့ရပြီးနောက်ပိုင်းမှာ MNDAA က သူထိန်းချုပ်ဒေသတွေဖြစ်တဲ့ သိန္နီမှ လောက်ကိုင်မြို့နယ်တွေအထိ မြန်မာလိုင်းအစား တရုတ်လိုင်းကို အသုံးပြုနိုင်ဖို့ ဆောင်ရွက်လာတာ ဖြစ်ပါတယ်။