ရွှေဖီမြေ၊ စက်တင်ဘာ ၃ဝ
ကိုးကန့်ဒေသမှာ အချမ်းသာဆုံးမိသားစုဝင်တွေထဲက ဖြစ်ပြီး ပြည်ထောင်စုကြံ့ခိုင်ရေးမတ်ဟောင်းတွေလည်း ဖြစ်ကြတဲ့ မြီမိသားစုကို လွန်ခဲ့တဲ့ ၂ဝ၂၃ခုနှစ် နိုဝင်ဘာ ၁၆ရက်နေ့မှာ စစ်ကောင်စီတပ်က ဖမ်းဆီးပြီး တရုတ်လက်ထဲ လွဲပေးလိုက်နောက် ၂နှစ်အကြာမှာ အဲမြီမိသားစုဝင်တွေကို တရုတ်က သေဒဏ်ချမှတ်လိုက်တယ်လို့ တရုတ်နိုင်ငံပိုင် သတင်းမီဒီယာတွေက ရေးသားဖော်ပြနေကြပါတယ်။
အဲသေဒဏ်ချမှတ်ခံရသူတွေထဲမှာ မြီရှောက်ချန်းရဲ့သားဖြစ်သူ မြီကော်ဖျင်၊ မြေးဖြစ်သူ မြီကြိမ်းကြိမ်း အပါအဝင် ၁၁ဦးကို မနေ့ စက်တင်ဘာ ၂၉ရက်နေ့မှာ တရားရုံးဘက်က သေဒဏ်ချမှတ်လိုက်တာ ဖြစ်တယ်လို့ ဆိုပါတယ်။
သူတို့နဲ့အတူ အမှုရင်ဆိုင်နေရတဲ့လူတွေထဲက ၅ဦးဟာ ၂နှစ်ဆိုင်းငံ့ သေဒဏ်ချမှတ်လိုက်ပြီး နောက် ၁၂ဦးကိုတော့ ထောင်ဒဏ် ၅နှစ်ကနေ ၂၄နှစ်ထိအပြင် ငွေဒဏ်၊ ပိုင်ဆိုင်မှုသိမ်းယူခြင်း၊ ပြည်နှင်ဒဏ်တွေကိုလည်း ချမှတ်ခဲ့တာ ဖြစ်ပါတယ်။
သူတို့တွေဟာ အွန်လိုင်းကနေ လိမ်လည်မှု၊ လူသတ်မှု၊ လူတွေကို တရားမဝင် ချုပ်နှောင်မှု၊ ရည်ရွယ်ချက်ရှိရှိ ထိခိုက်စေမှု၊ မူးယစ်မှောင်ခိုကူးမှုတွေနဲ့ တရားစွဲဆိုခံထားရသူတွေ ဖြစ်ပါတယ်။
မြီမိသားစုကို ဦးဆောင်ခဲ့တဲ့ မြီရှောက်ချန်းဟာ ၂ဝ၁ဝ ရွေးကောက်ပွဲအပြီးမှာ ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ဖွံ့ဖြိုးရေးပါတီရဲ့ အမတ်တစ်ဦးဖြစ်ခဲ့ပြီး မြီမိသားစုတွေကို စစ်ကောင်စီဘက်က ဖမ်းဆီးပြီး တရုတ်လက်ထဲကို လွဲလိုက်တဲ့ နေ့မှာဘဲ အဆုံးစီရင်သွားခဲ့ပါတယ်။
ပြစ်မှုကျူးလွန်တဲ့နေရာဟာ မြန်မာပြည်တွင်းမှာ ဖြစ်ပေမယ့် စစ်ကောင်စီက အဲတရားခံတွေကို တရုတ်လက်ထဲ လွဲအပ်ခဲ့ရုံမက တရုတ်ဘက်ကလည်း အဲအမှုစီရင်ပိုင်ခွင့်ရှိတယ်ဆိုပြီး အမိန့်ချမှတ်လိုက်တာဖြစ်ပါတယ်။
ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှု နားဆင်နိုင်ပါတယ်။