ပျားကြီး၊ အောက်တိုဘာ ၃၀ ရက်၊ ချမ်းအေးသာဇံ
မန္တလေးမြို့၊ ချမ်းအေးသာဇံမြို့နယ်မှာ ငလျင်ဒဏ်သင့် ဖြိုလက်စအဆောက်အဦးတစ်လုံး ပြိုကျမှုဖြစ်ပွားခဲ့ပြီး ကလေးငယ်တစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ မျက်မြင်တွေ့သူ ဒေသခံတွေက ပြောပါတယ်။
ဒီနေ့ အောက်တိုဘာလ ၃၀ ရက်၊ နေ့လည်ပိုင်းက ၈၄ လမ်း၊ ၃၁ လမ်းနဲ့ ၃၁ လမ်းကြားမှာရှိတဲ့ ငလျင်ဒဏ်သင့်အဆောက်အဦးတစ်လုံးကို ဖြိုဖျက်မှုတွေ ပြုလုပ်နေချိန်အဆောက်အဦးအစိတ်အပိုင်းတချို့ဟာ အနီးအနားမှာရှိတဲ့ အလုပ်သမားတစ်ဦးရဲ့အသက် ၇ နှစ်အရွယ် ကလေးငယ်ပေါ် လွင့်စင်ပြိုကျခဲ့တာဖြစ်ပါတယ်။
“အလုပ်သမားတွေနဲ့ ပါလာတဲ့ကလေးမလေးပေါ် ကျတာ။ သူတို့က ကလေးတွေခေါ်လာပြီး အလုပ်လုပ်နေကြတာပေါ့။ ကလေး ၂ ယောက် ၃ ယောက်ပါတယ်။ ကလေးတွေက ဘေးမှာ ကစားနေတုန်းပြိုကျတာ။ လက်ကတော့ ထိတာများတယ်။ ကျန်တာကတော့ ပွန်းတာပဲ့တာပေါ့။ အစအနလောက်ပဲထိတာမို့ ကံကောင်းသွားတာ” လို့ အဆောက်အဦးပြိုကျချိန် အနီးအနားမှာရှိနေခဲ့တဲ့ ဒေသခံတစ်ဦးက ပြောပါတယ်။
အဆောက်အဦးပြိုကျမှုကြောင့် ထိခိုက်ဒဏ်ရာရရှိခဲ့တဲ့ ကလေးငယ်ကို ဒေသခံပရဟိတအသင်းတွေက ဆေးရုံကြီးကိုပို့ဆောင်ပေးခဲ့တယ်လို့ ဒေသခံတွေက ဆိုပါတယ်။
ငလျင်ဒဏ်သင့် အဆောက်အဦးတွေဟာ ရက်ပေါင်း ၂၀၀ ကျော်ကြာတဲ့အထိဖြိုဖျက်နေရဆဲဖြစ်ပြီး ပြိုကျမှုတွေလည်းရှိနေတာကြောင့် နောက်ဆက်တွဲ လူထိခိုက်သေဆုံးမှုတွေ မကြာခဏရှိနေတာဖြစ်ပါတယ်။
မန္တလေးမြို့မှာ မတ်လ ၂၈ ရက်က လှုပ်ခတ်ခဲ့တဲ့ အင်အားပြင်းစစ်ကိုင်းငလျင်ကြောင့် ထိခိုက်ပျက်စီးခဲ့တဲ့ အန္တရာယ်ရှိ အဆောက်အဦးပေါင်း ထောင်နဲ့ချီရှိပြီး အဲဒီထဲက လက်ရှိအချိန်ထိ ဖြိုချဖျက်ဆီးမှု မလုပ်နိုင်သေးတဲ့ အဆောက်အဦးပေါင်း ရာနဲ့ချီပြီး ကျန်ရှိနေသေးတယ်လို့ ဒေသခံတွေက ပြောပါတယ်။
~ ~ ~
ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။