မိုင်းအရှိုင်း၊ မေလ ၆ ရက်၊ နမ့်ခမ်း
တရုတ်က နယ်စပ်ကုန်သွယ်ရေးဂိတ်တွေကို ပိတ်ဆို့လိုက်တာကြောင့် မီးသွေးဈေးနှုန်း ကျဆင်းလာပြီး ရှမ်းမြောက်မှာ မီးသွေးလုပ်ကိုင်ကြတဲ့ လူထုတွေ အကြပ်အတည်း ရင်ဆိုင်နေရပါတယ်။
၁၀၂၇ စစ်ဆင်ရေးနောက်ပိုင်း ၂၀၂၄ အစောပိုင်းမှာ တရုတ်က မီးသွေးတွေကို ဈေးကြီးပေးပြီး တင်သွင်းခဲ့တာကြောင့် နမ့်ခမ်း၊ ကွတ်ခိုင်၊ မန်တုံ၊ နမ္မတူ စတဲ့မြို့နယ်က ဒေသခံတွေ မီးသွေးလုပ်ငန်းကို ပိုမိုလုပ်ကိုင်လာခဲ့ကြပါတယ်။
ဒါပေမဲ့ တအာင်းတပ် ဦးဆောင်ပြီး ဖော်ဆောင်တဲ့ ၁၀၂၇ စစ်ဆင်ရေး ဒုတိယလှိုင်းမှာ မြို့သိမ်းတိုက်ပွဲ ဆင်နွှဲချိန် ၂၀၂၄ ဇူလိုင်လကစပြီးတော့ တရုတ်က စစ်ကောင်စီနဲ့အတူ တအာင်းဒေသတွင်း ကုန်စည်စီးဆင်းမှုကို စတင်ပိတ်ဆို့ခဲ့ပါတယ်။
မီးသွေးကို အပြိုင်အဆိုင် လုပ်ကိုင်လာကြတဲ့ တအာင်းဒေသအတွင်းရှိ လူထုတွေက မီးသွေး တင်ပို့လို့ မရတော့ဘဲ ဖုတ်ထားတဲ့ မီးသွေးတန်ချိန် ရာနဲ့ချီ အရှုံးပေါ်ခဲ့ပါတယ်။
နမ့်ခမ်းဒေသခံတစ်ဦးက “အခုဖြစ်နေတာတွေက နယ်စပ်ကုန်သွယ်ရေးကြောင့်ဖြစ်တယ်။ ပွဲစားတွေကလည်း ကုန်သွယ်ရေးပေါ် မူတည်ပြီး သွားလာကြတယ်။ အဓိက ဖြစ်နေတာတော့ နယ်စပ်ကုန်သွယ်ရေး ပိတ်ထားလို့ ဖြစ်ပါတယ်” ဆိုပြီး ပြောပါတယ်။
ပြီးခဲ့တဲ့နှစ် ၂၀၂၄ အစောပိုင်းမှာ မီးသွေး အမာသား တစ်အိတ်ကို ၂ သောင်းရပြီး ရောနှောက ၁ သောင်း ရခဲ့ပေမဲ့ ပြီးခဲ့တဲ့နှစ်ထက် ကုန်ဈေးနှုန်း ၂ ဆ မြှင့်တက်လာချိန် လက်ရှိကာလမှာ မီးသွေး အမာသား ၁၄,၀၀၀ ရပြီး ရောနှော တစ်အိတ်ကို ၆ ထောင်သာ ဈေးရနေပါတယ်။
တောင်ပေါ်ဒေသခံတွေအတွက် မီးသွေးအပြင် တွက်ခြေကိုက်တဲ့လုပ်ငန်း မရှိတာကြောင့် သစ်ပင်တွေ ခုတ်လဲကာ ခက်ခဲကြမ်းတမ်းတဲ့ မီးသွေးအလုပ်ကို လုပ်ရတာဖြစ်ကြောင်း မန်တုံမြို့နယ် နားအော်လေးရွာခံတစ်ဦးက ပြောပါတယ်။
“မီးသွေး လုပ်တာလောက် ပင်ပန်းတာ မရှိလောက်တော့ဘူးထင်တယ်။ ဒါပေမဲ့ လက်ဖက်လုပ်လည်း အဆင်မပြေ။ ရွက်ခြောက် ၁ ပိဿာမှ ၆ ထောင်ပဲ ရတာ။ မီးသွေးလုပ်မှပဲ စားဝတ်နေရေးအတွက် အဆင်ပြေမှာ”
ကျေးလက်ဒေသခံတွေ အလုပ်အကိုင် ရှားပါးလာပြီး မီးသွေးကို ပိုမိုလုပ်ကိုင်လာချိန်မှာပဲ တရုတ်က နယ်စပ်ဂိတ် ပိတ်လိုက်တာကြောင့် ဒေသတွင်းလူထုတွေဟာ အခုလို အကြပ်အတည်း ကြုံလာရတာပဲ ဖြစ်ပါတယ်။