ရွှေဖီမြေ၊ အောက်တိုဘာ ၂၇ ရက်
လက်ရှိ စစ်ကောင်စီတပ်နဲ့ ရရှိထားတဲ့ အပစ်အခတ် ရပ်စဲရေးဟာ နောက်ဆုံးဧကန် ငြိမ်းချမ်းရေးမဟုတ်သေးဘူးလို့ ကိုးကန့်တပ်- MNDAA ရဲ့ စစ်ဦးစီးချုပ် ဒုဗိုလ်ချုပ်ကြီး Mr. Peng De Ren က ပြောဆိုထားတယ်လို့ The Kokang က မနေ့ အောက်တိုဘာ ၂၆ ရက်မှာ ထုတ်ပြန်ထားပါတယ်။
ပြီးခဲ့တဲ့ အောက်တိုဘာ ၂၅ ရက်နေ့က ကျင်းပခဲ့တဲ့ MNDAA ရဲ့ ၂၀၂၅ ခုနှစ် အပတ်စဉ်(၁) ကေဒါများ အလှည့်ကျသင်တန်းဆင်းပွဲမှာ MNDAA ရဲ့ စစ်ဦးစီးမှူးချုပ် ဒုတိယဗိုလ်ချုပ်ကြီး Mr. Peng De Ren က အခုလို ပြောကြားခဲ့တာဖြစ်ပါတယ်။
“လက်ရှိရရှိထားသော စစ်ရေးရပ်စဲရေး သဘောတူညီချက်သည် အဆင့်ဆိုင်ရာ ရလဒ်တစ်ခုသာဖြစ်ပြီး နောက်ဆုံးဧကန်သော ငြိမ်းချမ်းရေးမဟုတ်သေးကြောင်း အားလုံးသိရှိရမည်” ဟု ပြောကြားခဲ့ကြောင်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
စစ်မှန်တဲ့ ငြိမ်းချမ်းရေးကို ရရှိဖို့ လမ်းစဉ်မှာ ဝေးလံသေးယှက်နေဆဲဖြစ်ပြီး တပ်သားအားလုံး ပျက်ကွက်တဲ့ အတွေးအခေါ်တွေကို ပြင်းပြင်းထန်ထန် ရှောင်ရှားကာ အမြဲတမ်း မြင့်မားတဲ့ သတိပေးချက်နဲ့ မဟာဗျူဟာကျ သိရှိနားလည်မှုကို ထိန်းသိမ်းထားရမယ်လို့ ပြောကြားခဲ့ပါတယ်။
ဒါ့အပြင် လက်ရှိရရှိထားတဲ့ စစ်ရေးရလဒ်တွေဟာ မရေမတွက်နိုင်တဲ့ တပ်ဖွဲ့ဝင်တွေရဲ့ သွေးချွေးနဲ့ အသက်ပေးလှူခဲ့မှုတွေကြောင့် ရရှိခဲ့တာဖြစ်ပြီး ကွပ်ကဲရေးမှူးအားလုံးအား သမိုင်းကို မှတ်မိဖို့၊ ရလဒ်တွေကို တန်ဖိုးထားဖို့၊ ရရှိပြီးသား စစ်ရေးရလဒ်တွေကို ဆက်လက်ပြီးဖွံ့ဖြိုးအောင်လုပ်ဆောင်ဖို့နဲ့ ခိုင်မာတဲ့ အခြေခံအုတ်မြစ်အဖြစ်ကို အသွင်ပြောင်းဖို့ တောင်းဆိုခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
MNDAA ရဲ့ ၂၀၂၅ ခုနှစ် အပတ်စဉ်(၁) ကေဒါများ အလှည့်ကျသင်တန်းဟာ ရက်ပေါင်း ၆၆ ရက်ကြာ စနစ်တကျ သင်ယူလေ့ကျင့်ခဲ့ပြီးနောက် သင်တန်းဆင်းပွဲကို ကျင်းပခဲ့တာလို့ဆိုပါတယ်။
MNDAAဟာ တရုတ်ရဲ့ ဖိအားနဲ့ စစ်ကောင်စီနဲ့ အပစ်ခတ်ရပ်စဲထားရပြီး လားရှိုးမြို့ကိုလည်း စစ်
ကောင်စီတပ်ထံ လွဲပြောင်းထားရတာ ဖြစ်ပါတယ်။
~ ~ ~
ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှု နားဆင်နိုင်ပါတယ်။