ရွှေဖီမြေ၊ မေလ ၁ ရက်၊ ငဖဲ
မကွေးတိုင်း ငဖဲမြို့နယ် ပဇီရွာ တပ်စခန်းကနေ ကားလမ်း လုံခြုံရေးယူဖို့ ထွက်လာတဲ့ စစ်ကောင်စီတပ်သား ၂၀ ကျော်ကို ချင်းကာကွယ်ရေးတပ်- အရှို (CDF-Asho)က တိုက်ခိုက်ခဲ့ရာ စစ်သား ၉ ဦး သေဆုံးခဲ့တယ်လို့ CDF-Asho က ဒီနေ့ မေလ ၁ ရက်မှာ ထုတ်ပြန်လာပါတယ်။
မနေ့ ဧပြီ ၃၀ ရက် မနက် ၈ နာရီမှာ ပဇီရွာ ဘုန်းကြီးကျောင်းမှာ တပ်စွဲထားတဲ့ စစ်ကောင်စီရဲ့ အမှတ်(၁၃) ကာကွယ်ရေးပစ္စည်းစက်ရုံ (ကပစ ၁၃)မှ တပ်သား ၂၀ ဟာ နတ်ရေကန် တပ်စခန်း မကျစေရေးအတွက် လုံခြုံရေးယူဖို့ ထွက်လာချိန်မှာ CDF-Asho က တိုက်ခိုက်ခဲ့တာပါ။
တိုက်ခိုက်မှုအတွင်း စစ်သား ၉ ဦး ပွဲချင်းပြီး သေဆုံးခဲ့ပြီးတော့ MA အမျိုးအစား လက်နက်ငယ် ၉ လက်၊ ကျည်ဘောက်နဲ့ ခဲယမ်းတချို့လည်း သိမ်းဆည်းရမိခဲ့တယ်လို့ ဆိုပါတယ်။
ပဇီရွာ ဘုန်းကြီးကျောင်းမှာ စစ်ကောင်စီရဲ့ တပ်မ ၉၉ နဲ့ ကပစ ၂၊ ၁၀၊ ၁၃၊ ၁၄ မှ အင်အား ၁၃၀ ခန့် တပ်စွဲထားပြီး ဒေသခံရဲ့ ပစ္စည်းတွေကို ထုတ်ယူရောင်းချတာတွေ လုပ်နေတယ်လို့ ထုတ်ပြန်ချက်ထဲ ဖော်ပြထားပါတယ်။