ယာရူစိင်၊ နိုဝင်ဘာ ၂၈ ရက်၊ ကျောက်တော်
ရခိုင်ပြည်နယ် ကျောက်တော်မြို့နယ်မှာ စစ်ကောင်စီတပ်က ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် ဒေသခံ ၆ ဦး သေဆုံးပြီး ၁၀ ဦး ဒဏ်ရာရရှိခဲ့တယ်လို့ သိရှိသူ အမျိုးသားတစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။
ဒီနေ့ နိုဝင်ဘာ ၂၈ ရက် မနက် ၁၀ နာရီ ၅၀ မိနစ်ဝန်းကျင်မှာ ကျောက်တော်မြို့နယ် ကြောင်ဖိုရွာကို စစ်ကောင်စီတပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။
“ဒဏ်ရာရတဲ့ထဲက ကလေးငယ်လည်း ပါဝင်ပါတယ်။ လောလောဆယ်အထိတော့ ၁၀ ဦးလောက် ဒဏ်ရာရရှိတယ်လို့ သိထားပါတယ်” လို့ မြေပြင်အခြေအနေသိရှိသူ အမျိုးသားတစ်ဦးက ပြောပါတယ်။
အဲဒီလေကြောင်းတိုက်ခိုက်မှုကြောင့် အမျိုးသမီး ၅ ဦးနဲ့ အမျိုးသား ၁ ဦးတို့ သေဆုံးခဲ့ရပြီး နေအိမ် ၄ လုံးလည်း ထိမှန်ပျက်စီးခဲ့တယ်လို့ ဆိုပါတယ်။
ရွှေဖီမြေက ရရှိထားတဲ့ စာရင်းအရ ပြီးခဲ့တဲ့ နိုဝင်ဘာ ၇ ရက်ကနေ ဒီနေ့ နိုဝင်ဘာ ၂၈ ရက်အထိ ရခိုင်ပြည်နယ်က မင်းပြား၊ ပုဏ္ဏားကျွန်း၊ ရသေ့တောင်နဲ့ ကျောက်တော် စတဲ့မြို့နယ်မှာ စစ်ကောင်စီတပ်ရဲ့ ဗုံးကြဲတိုက်ခိုက်မှုကြောင့် ဒေသခံ ၂၀ ဦး သေဆုံးခဲ့ရပြီး ၃၀ ဦးထက်မနည်း ထိမှန်ဒဏ်ရာ ရရှိခဲ့ပါတယ်။
~ ~ ~
ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။