ဓာတ်ပုံ – Local

မြတ်နိုး၊ ဖေဖော်ဝါရီ ၈ ရက်၊ လိုင်ဇာ

KIA ထိန်းချုပ်နယ်မြေဖြစ်တဲ့ ဆော့လော်မြို့နယ် လန်ဆယ်၊ ကံပိုင်တည်၊ ဆဒုံးဘက်ကို မနေ့ ဖေဖော်ဝါရီ ၇ ရက်က စစ်ကောင်စီတပ် လေကြောင်းနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့ပြီး KIO/KIA ဌာနချုပ်ရှိရာ လိုင်ဇာအနီးဘက်လည်း ဖေဖော်ဝါရီ ၆ ရက် ညက အသေခံ ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

“နေ့လယ် ၁ နာရီခွဲဝန်းကျင်က ကျနော်တို့ ဆဒုံးဘက် လေယာဉ် ၂ စီး လာပြီးတော့ ၂ ခါ ကြဲသွားတယ်။ လာကြဲတဲ့နေရာ လူရှိမနေလို့ တော်သေးတယ်” လို့ ဆဒုံးဒေသခံ အမျိုးသားတစ်ဦးက ပြောပါတယ်။

မနေ့ နေ့လယ် ၁ နာရီခွဲခန့်က ဆဒုံး ဘွမ်ဝါဝန်းကျင်ဘက် မြစ်ကြီးနား စစ်ကောင်စီ လေတပ်က တက်လာတဲ့ လေယာဉ်နဲ့ ဗုံး လာကြဲသွားခဲ့တယ်လို့ ဆိုပါတယ်။

“လူ သုံး လေးယောက်လောက်တော့ ဗုံးစ ထိမှန်ဒဏ်ရာ နည်းနည်းပါးပါး ရတယ်။ တခြား စိုးရိမ်ရတာတော့ မရှိဘူး။ နေအိမ် သုံးလေးအိမ်တော့ ကြေမွသွားတယ်” လို့ လန်ဆယ် ဒေသခံတစ်ဦးကလည်း ပြောပါတယ်။

မနေ့ညနေ ၄ နာရီခန့်က မန္တလေး တံတားဦးလေတပ်ကနေ တက်လာတဲ့ ဗုံးကြဲ ဂျက်လေယာဉ်က ဆော့လော်မြို့နယ် လန်ဆယ်ရွာဘက် ဗုံး ၂ ခါ ကြဲချတိုက်ခိုက်ခဲ့ပြီး ပန်ဝါဘက်လည်း ဝဲသွားခဲ့သေးတယ်လို့ သူက ပြောပါတယ်။

ဒါ့အပြင် ဖေဖော်ဝါရီ ၆ ရက် ည ၁၀ နာရီ မိနစ် ၄၀ ခန့်က KIO/KIA ဌာနချုပ်ရှိရာ လိုင်ဇာအနီးဘက် စစ်တပ်က အသေခံ ဒရုန်းနဲ့ ဗုံး လာကြဲသွားကြောင်း ဒေသခံတွေဆီက သိရပါတယ်။

“အထိအခိုက်တော့ မရှိဘူး။ ရွာအပြင်ဘက် သွားကျတာ” လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

ဗန်းမော်ဘက် အထိနာလာလို့ တိုက်ပွဲ မရှိတဲ့ နေရာတွေ ပတ်ရမ်း ဗုံးကြဲတာလို့ ယူဆရပြီး စစ်တပ်ဘက်ကတော့ ဆုံးရှုံးခဲ့တဲ့ နေရာတွေဘက် လေကြောင်းကနေအပြင် အသေခံ ဒရုန်းနဲ့ ဆက်ပြီး ဗုံးကြဲလာလိမ့်မယ်လို့ သူက ပြောပါတယ်။

KIA နဲ့ ပူးပေါင်း တော်လှန်ရေးတပ်ဖွဲ့တွေဟာ ဗန်းမော်မြို့ရှိ စစ်တပ် အရာရှိစစ်သည်အနေနဲ့ အမြန်ဆုံး အလံဖြူထောင်လက်နက်ချကြဖို့ နောက်ဆုံး သတိပေးထားပြီး စစ်ကောင်စီတပ်ဖွဲ့ အသေခံပေးနေရတာဟာ တိုင်းပြည်အတွက် မဟုတ်ဘဲ စစ်အာဏာရှင် စစ်ခေါင်းဆောင်မိသားစုအတွက်ဘဲ ဖြစ်တာကြောင့် စစ်မှန်ပြီး တရားမျှတတဲ့ ဖက်ဒရယ် ဒီမိုကရေစီနိုင်ငံတော်သစ် ထူထောင်ဖို့ KIA နဲ့ ပူးပေါင်းပါဝင်ကြပါလို့ နောက်ဆုံးအကြိမ် သတိပေး တိုက်တွန်းထားတယ်လို့ ဆိုပါတယ်။

လက်ရှိမှာတော့ ဗန်းမော်မြို့ထဲရှိ စစ်ကောင်စီရဲ့ လက်ကျန် တပ်စခန်းကို KIA နဲ့ ပူးပေါင်းတပ်ဖွဲ့တွေ ဝိုင်းရံပိတ်ဆို့ထားတာဖြစ်ပြီး တိုက်ပွဲလည်း နေ့တိုင်း ပြင်းထန်နေကာ စစ်တပ်ဘက်ကတော့ တပ်စခန်း မကျရေး လေကြောင်း၊ ဒရုန်းနဲ့ ပြင်းပြင်းထန်ထန် ခုခံတိုက်ခိုက်နေဆဲ ဖြစ်ကြောင်း KIA ရှေ့တန်းနဲ့ နီးစပ်သူတွေဆီက သိရပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

You May Also Like

စစ်ကောင်စီတပ် မောင်းလာတဲ့ကားကို ပခုက္ကူ PDF ပူးပေါင်းတပ်ဖွဲ့က တိုက်ခိုက်ရာ ကားထဲ လိုက်ပါလာတဲ့ စစ်သား ၄ ဦး သေဆုံး

မကွေးတိုင်း ပခုက္ကူမြို့ စက်မှုဇုန် ၁ လမ်းမှာ စစ်ကောင်စီတပ် မောင်းနှင်လာတဲ့ ကားတစ်စီးကို ပခုက္ကူမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့- Young Force UG က တိုက်ခိုက်ရာ ၄ ဦးစလုံး သေဆုံးခဲ့ကြောင်း Young Force UG ရဲ့ တာဝန်ရှိသူ ရဲ‌ဘော်တစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။

ဒီးမော့ဆိုအနောက်ခြမ်းမှာ နှစ်သစ်ကူးကာလမှာတင် စစ်ကောင်စီတပ်က ၂ ရက်ဆက်တိုက် ဗုံးကြဲ၊ အရပ်သား ထိခိုက်မှုရှိ

ကရင်နီပြည် ဒီးမော့ဆိုအနောက်ခြမ်းရှိ စစ်ရှောင်တွေ နေထိုင်တဲ့နေရာမှာ စစ်ကောင်စီတပ်က နှစ်ရက်ဆက်တိုက် ဗုံးကြဲတိုက်ခိုက်ခဲ့ပါတယ်။

တွင်းငယ်နဲ့ တကက ၁၃ တပ်ရှိ စစ်ကောင်စီတပ်ဖွဲ့ဝင်ကို PLA နဲ့ TNLA က ဝိုင်းရံပိတ်ဆို့ထား၊ ထိတွေ့မှု ဆက်ရှိနေ

မန္တလေးတိုင်း သပိတ်ကျင်းမြို့နယ် တွင်းငယ်ရွာနဲ့ တန်းမြင့်လေ့ကျင့်ရေး သင်တန်းကျောင်း အမှတ်(၁၃)တပ်ရှိ စစ်ကောင်စီတပ်ဖွဲ့ဝင်ကို ပြည်သူ့လွတ်မြောက်ရေးတပ်မတော်- PLA နဲ့ တအာင်းတပ်မတော်- TNLA က ဝိုင်းရံပိတ်ဆို့ထားတယ်လို့ PLA နဲ့ ရှေ့တန်း သတင်းအရင်းအမြစ်တွေက ပြောပါတယ်။

ပူတာအို မူလာဒီရွာခံတွေကို သတ်ဖြတ်နေတဲ့ ဆင်ရိုင်းကို ပစ်သတ်

ကချင်ပြည်နယ် ပူတာအိုမြို့နယ် မူလာဒီရွာခံတွေကို သတ်ဖြတ်နေတဲ့ ဆင်ရိုင်းကို ဒီနေ့ ဧပြီ ၂၁ ရက် နေ့လယ်ပိုင်းက ပစ်သတ်လိုက်ကြောင်း ဒေသခံတွေဆီက သိရပါတယ်။