လွေးလာဝ်ဇာရ်၊ နိုဝင်ဘာ ၂၇ ရက်၊ နမ့်ခမ်း
တအာင်းတပ် TNLA ထိန်းချုပ်ထားတဲ့ ရှမ်းမြောက် နမ့်ခမ်းမြို့နယ် မန်တပ်ကျေးရွာအောက်က ရေကာတာထဲမှာ သေဆုံးနေတဲ့ အမျိုးသားအလောင်းတစ်လောင်း တွေ့ရှိခဲ့တယ်လို့ တွေ့ရှိသူတစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။
ပြီးခဲ့တဲ့ နိုဝင်ဘာလ ၂၃ ရက်မှာ တွေ့ရှိခဲ့တာဖြစ်ပြီး အဲဒီအမျိုးသားက ဘယ်သူဘယ်ဝါဆိုတာ မသိရသေးတဲ့အပြင် လက်ရှိအချိန်အထိလည်း အဆိုပါအလောင်းက ရှိနေသေးတယ်လို့ ဆိုပါတယ်။
တွေ့ရှိသူ အမျိုးသားတစ်ဦးက “ရေကာတာမှာ အလောင်းတစ်လောင်း တွေ့ရှိထားတယ်။ လူကြီးတွေက အလောင်းမြင်ရင် ချန်မထားတတ်ဘူး။ ရေပိတ်ပြီးမှ အောက်ကို ဖွင့်ချလိုက်တာ။ အလောင်းက ရေကာတာအောက် ရောက်သွားပြီ။ ဆယ်ဖို့တော့ နည်းနည်းခက်မယ်” လို့ ပြောပါတယ်။
ပြီးခဲ့တဲ့ နိုဝင်ဘာ ၁၇ ရက်က ဟိုဆိုင်းချောင်းမှာ ရေဆင်းကူးရာကနေ ရေထဲပါသွားတဲ့ ကလေး ဟုတ်မဟုတ်တော့ မပြောတက်သေးဘူးလို့ နောက်ထပ်ဒေသခံတစ်ဦးက ပြောပါတယ်။
“ဟုတ်မဟုတ်တော့ မပြောတတ်ဘူး။ သူ့သူငယ်ချင်းတွေကို မေးကြည့်တော့ အဲနေ့က သူအဝတ်အစားမပါဘူးတဲ့။ ဒီတိုင်းအတွင်းခံနဲ့ဘဲ ဆင်းကူးတာတဲ့။ သူ့ရဲ့ ဆွေမျိုးတွေဆီတော့ အကြောင်းကြားထားတယ်” လို့ ပြောပါတယ်။
အလားတူ ပြီးခဲ့တဲ့ ဧပြီလ ဒုတိယအပတ်မှာလည်း ဟိုဆိုင်းရေချောင်းထဲမှာ အမျိုးသားတစ်ဦး ရေနစ်သေဆုံးခဲ့တဲ့ဖြစ်စဉ် ရှိခဲ့ဖူးပါတယ်။
~ ~ ~
ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။