ရွှေဖီမြေ၊ မေလ ၁၃ ရက်
အပစ်ရပ်သက်တမ်း (၁) လ တိုးထားတဲ့ စစ်ကောင်စီတပ်ဟာ နောင်ချိုမြို့နယ်က ကျေးရွာတချို့မှာ ထိုးစစ်ဆင်လာတာကြောင့် တအာင်းတပ် TNLA နဲ့ တိုက်ပွဲဖြစ်ပွားခဲ့ပါတယ်။
တိုက်ပွဲအတွင်း အဆိပ်ငွေ့ဗုံးအပြင် လက်နက်ကြီးနဲ့ပါ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ PSLF/TNLA ရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။
မနေ့ မေလ ၁၂ ရက် ညနေ ၄ နာရီ ဝန်းကျင်မှာ နောင်ချိုမြို့နယ် ယာပြင်ကျေးရွာအနီးသို့ စစ်ကောင်စီတပ်က ထိုးစစ်ဆင်လာတာကြောင့် နှစ်ဖက်တိုက်ပွဲဖြစ်ပွားခဲ့ချိန် စစ်ကောင်စီတပ်က ဒရုန်းနဲ့ပါ တိုက်ခိုက်ခဲ့ပါတယ်။
မနေ့ ညနေ ၅ နာရီ ဝန်းကျင်မှာပဲ နောင်လင်ကျေးရွာအနီးမှာ တိုက်ပွဲဖြစ်ပွားနေချိန် ဒရုန်းနဲ့ ၁၀ ကြိမ်၊ အဆိပ်ငွေ့ဗုံးနဲ့ ၃ ကြိမ်၊ လက်နက်ကြီးနဲ့ ၃၄ ကြိမ် တိုက်ခိုက်ခဲ့ကြောင်း TNLA က ဆိုထားပါတယ်။
ဒါ့အပြင် တိုက်ပွဲဖြစ်ပွားတာမရှိဘဲ စစ်ကောင်စီရဲ့ အမြောက်တပ် အမတ – ၉၀၂ ကနေ မတ်တောင်းတောရွာနဲ့ သရက်ချိုရွာကို လက်နက်ကြီး ၁၃ ကြိမ်၊ ဒရုန်းဗုံး ၂ လုံး ပစ်ခတ်တိုက်ခိုက်ခဲ့ပါသေးတယ်။
အလားတူ TNLA တို့ သွားလာလှုပ်ရှားတဲ့ သပိတ်ကျင်းမြို့နယ် ညောင်ပင်သာရွာကိုလည်း မနေ့ မေလ ၁၂ ရက် ည ၈ နာရီ ဝန်းကျင်မှာ ဂျက်ဖိုက်တာနဲ့ ၂ ကြိမ် ဗုံးကြဲချတိုက်ခိုက်ခဲ့လို့ ဒေသခံ ၄ ဦး ဒဏ်ရာရခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ရေးသားဖော်ပြထားပါတယ်။
စစ်ကောင်စီက ဗုံးကြဲတိုက်ခိုက်မှု ဆက်တိုက်ပြုလုပ်နေတာကြောင့် လူထုတွေက လေကြောင်း၊ ဒရုန်း၊ လက်နက်ကြီး ပစ်ခတ်တိုက်ခိုက်မှုရန်ကနေ ရှောင်ရှားနိုင်ဖို့ စစ်ရေးသတိအမြဲရှိဖို့ လိုအပ်ကြောင်းလည်း သတိပေးပြောဆိုထားပါတယ်။
ငလျင်ဒဏ်ကြောင့် လူထုတွေကို ငဲ့ညာတဲ့အနေနဲ့ ညီနောင်မဟာမိတ် ၃ ဖွဲ့က နောက်ထပ် ၁ လ အပစ်အခတ်ရပ်ဆဲရေးကာလကို မေလ ၁ ရက်က ထုတ်ပြန်ကြေညာခဲ့သလို စစ်ကောင်စီတပ်ကလည်း အပစ်ရပ်ရေးကာလကို နောက်ထပ် ၁ လ ထပ်တိုးကြောင်း မေလ ၆ ရက်က ကြေညာခဲ့ပေမယ့် မြေပြင်ထိုးစစ်ဆင် တိုက်ခိုက်နေသလို လေကြောင်းနဲ့ လက်နက်ကြီးအသုံးပြုပြီး နေ့စဉ်ဗုံးကြဲတိုက်ခိုက်မှုတွေ ပြုလုပ်နေပါတယ်။