အိုက်ပွီး၊ ဇူလိုင်လ ၆ ရက်၊ ရခိုင်
ရခိုင်ပြည်နယ်၊ အမ်းမြို့နဲ့ ကမ်းထောင့်ကြီးမြို့ကို စစ်ကောင်စီ လေကြောင်း ဗုံးကြဲတိုက်ခိုက်လို့ အရပ်သားနှစ်ဦးသေဆုံးပြီး စာသင်ကျောင်းတစ်ဆောင် အပါအဝင် လူနေအိမ်အများပြား ပျက်စီးသွားတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
ပြီးခဲ့တဲ့ လိုင်လ ၄ ရက်နေ့၊ နေ့လယ် ၁၂ နာရီအချိန်ဝန်းကျင်မှာ အမ်းမြို့၊ ပျဥ်းထောရပ်ကွက်ရှိ စာသင်ကျောင်းကို စစ်ကောင်စီက ဗုံးသီးနှစ်လုံးနဲ့ လေကြောင်း တိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။
“စာသင်ကျောင်းက လုံးဝ ပျက်စီးသွားတယ်။ ကျောင်းအနားက နေအိမ်တချို့လည်း အနည်းငယ်ပျက်စီးသွားတယ်။ ဗုံးသီးနှစ်လုံးနဲ့ ဗုံးကြဲသွားတာပါ။ လူထိခိုက်မှုတော့ မရှိဘူး။”လို့ အမ်းမြို့နယ်ဒေသခံတစ်ဦးက ရွှေဖီမြေသို့ ပြောပါတယ်။
အလားတူ မြေပုံမြို့နယ်၊ ကမ်းထောင်းကြီးမြို့ကိုလည်း ဇူလိုင်လ ၅ ရက် နေ့လယ် ၁ နာရီအချိန်ဝန်းကျင်မှာ စစ်ကောင်စီက ပေါင် ၅၀၀ ဗုံးသီးနဲ့ လေကြောင်း ဗုံးကြဲတိုက်ခိုက်တာကြောင့် အရပ်သား ၂ဦးသေဆုံးခဲ့ပါတယ်။
“ပေါင် ၅၀၀ ဗုံးသီးနဲ့ အရပ်သားတွေနေတဲ့ ရပ်ကွက်မှာ ကြဲချသွားတာပါ။ အဲမှာ အရပ်သား နှစ်ယောက်လောက်က သေဆုံးပြီး ဒဏ်ရာရတဲ့သူလည်းရှိတယ်။ နေအိမ်တွေ၊ အဆောက်အဦးတွေ အတော်များ ထိခိုက်ပျက်စီးသွားပါတယ်။” လို့ ကမ်းထောင်းကြီးမြို့ဒေသခံတစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။
စစ်ကောင်စီ ဗုံးကြဲတိုက်ခိုက်တဲ့ အမ်းမြို့နဲ့ ကမ်းထောင်ကြီးမြို့ဟာ အာရက္ခတပ်တော်-AA ထိန်းချုပ်ထားတဲ့ မြို့တွေဖြစ်ပါတယ်။
ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။