ပို့လဘား၊ နိုဝင်ဘာ ၂၀ ရက်၊ မြိုင်
မကွေးတိုင်း မြိုင်မြို့နယ်မှာ စစ်ကောင်စီတပ်က ဗုံးကြဲတိုက်ခိုက်လို့ အရပ်သား ၅ ဦးထက်မနည်းသေဆုံးခဲ့တယ်လို့ အညာမြေအရပ်ဖက်လူမှုကူညီရေးအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။
ဒီနေ့ နိုဝင်ဘာ ၂၀ရက် မနက်အစောပိုင်း ၁၂ နာရီကျော်မှာ မြိုင်မြို့နယ် ကံကြီးကျေးရွာထဲကို စစ်ကောင်စီတပ်က ဂျက်ဖိုက်တာနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တာ ဖြစ်တယ်လို့ ဆိုပါတယ်။
အညာမြေအရပ်ဖက်လူမှုကူညီရေးအဖွဲ့ မှတာဝန်ရှိသူတစ်ဦးက”ဂျက်ဖိုက်တာတစ်စီးနဲ့ ပေါင်ဗုံး ၂လုံးချတာ။ ည ၁၂ နာရီကျော် လူအိပ်မောကျနေတဲ့အချိန်မှာ လာချသွားတယ်။ သေဆုံးသူက ကလေးတွေပါမယ်။ အမျိုးသမီးတွေပါမယ်။ သက်ကြီးရွယ်အိုအပိုင်းတွေလည်းပါတယ်။ ရွာလယ်က နေအိမ်ပေါ်တည့်တည့်လာချသွားတယ်။ ထိခိုက်ဆုံးရှုံးမှုတွေများတယ်။ ” လို့ ပြောပါတယ်။
အဆိုပါ ဗုံးကြဲတိုက်ခိုက်မှုကြောင့် ကလေးအပါအဝင် အရပ်သား ၅ဦးသေဆုံးပြီး ၁၅ဦးထက်မနည်း ထိခိုက်ဒဏ်ရာရရှိခဲ့ကာ နေအိမ် ၁၅ လုံးလည်း ထိခိုက်ပျက်စီးခဲ့တယ်လို့ ဆိုပါတယ်။
ပြီးခဲ့တဲ့ နိုဝင်ဘာ ၃ ရက်နေ့ကတည်းကစပြီး မြိုင်မြို့နယ်ထဲကို စစ်ကောင်စီတပ်က စစ်ကြောင်းထိုးလာပြီး ဒေသတွင်းရှိကျေးရွာတွေကို မီးရှို့ဖျက်ဆီးခဲ့တဲ့အပြင် ဒေသခံတွေကိုလည်း သတ်ဖြတ်ခဲ့တာတွေလည်း ဆက်တိုက်ပြုလုပ်နေပါတယ်။
~ ~ ~
ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှု နားဆင်နိုင်ပါတယ်။