အိုက်ပွီး၊ မတ်လ ၂၂ ရက်၊ ဂန့်ဂေါ
မကွေးတိုင်း ဂန့်ဂေါမြို့နယ် နှမ်းခါးကျေးရွာ ဆေးပေးခန်းကို စစ်ကောင်စီတပ်က လေကြောင်း ဗုံးကြဲတိုက်ခိုက်ခဲ့လို့ ဆရာဝန်၊ ကလေး အပါအဝင် အရပ်သား ၁၀ ဦးထက်မနည်း သေဆုံးခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
ရှမ်းတဲလေတပ်စခန်းမှ ဂျက်ဖိုက်တာတစ်စီးနဲ့ နှမ်းခါးကျေးရွာ ဆေးပေးခန်းကို စစ်ကောင်စီတပ်က တိုက်ပွဲဖြစ်ပွားခဲ့တာမရှိဘဲ ဒီနေ့ မတ်လ ၂၂ ရက်နေ့၊ မိနစ် ၄၀ အချိန်ခန့်မှာ လေကြောင်း ဗုံးကြဲတိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။
“ကျန်းမာရေး ဆေးပေးခန်းက ဆရာဝန်မတစ်ဦး သေဆုံးတယ်။ ဆေးခန်းလာပြတဲ့ အရပ်သားတွေ ၉ယောက်လောက် သေဆုံးတယ်။ ကလေးတွေလည်းပါတယ်။ ဆေးပေးခန်းလည်း ပျက်စီးသွားတယ်။ ကျန်တာတော့ အသေးစိတ် မသိရသေးဘူး။”လို့ ဂန့်ဂေါမြို့နယ်ဒေသခံအမျိုးသားတစ်ဦးက ရွှေဖီမြေသို့ ပြောပါတယ်။
နှမ်းခါးကျေးရွာဟာ ဆက်သွယ်ရေး ဖုန်းလိုင်းနဲ့ အင်တာနက် ဖြတ်တောက်ထားတာကြောင့် ဒီနေ့မနက် လေကြောင်း တိုက်ခိုက်မှုနဲ့ သေဆုံးမူ စာရင်းအတိကျမရသေးသလို မြေပြင်မှာ ဒီအချက်လက်ထက်ပိုများလာနိုင်တယ်လို့ ဆိုပါတယ်။
အလားတူ ဒီနေ့ မနက် ၉ နာရီဝန်းကျင်မှာလည်း စလင်းမြို့နယ်၊ ဂွေးပင်ဇင်ရွာကို စစ်ကောင်စီတပ်က ဂျက်ဖိုက်တာနဲ့ ပေါင် ၃၀၀ ဗုံးသီးတစ်လုံးနဲ့ လေကြောင်း ဗုံးကြဲတိုက်ခိုက်လို့ လူနေအိမ်နှစ်လုံး ပျက်စီးသွားတယ်လို့ သိရပါတယ်။