ပျားကြီး၊ နိုဝင်ဘာ ၂၈ ရက်၊ တောင်တွင်းကြီး
မကွေးတိုင်း၊ တောင်တွင်းကြီးမြို့နယ်၊ ဝက္ကသေးတံတားပေါ်မှာ လက်နက်ခဲယမ်းတွေ တင်ဆောင်ထားတဲ့ စစ်ကားတစ်စီး တိမ်းမှောက်ပေါက်ကွဲခဲ့တာကြောင့် စစ်ကောင်စီတပ်ဖွဲ့ဝင် ၅ ဦး သေဆုံးခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးအဖွဲ့ ပုဏ္ဏဝတီ(တောင်တွင်းကြီး)က ပြောရေးဆိုခွင့်ရှိသူတစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။
မနေ့ နိုဝင်ဘာလ ၂၇ ရက် ညနေ ၃ နာရီဝန်းကျင်မှာ ပရပ်ကြယ်တိုက်နယ်အုပ်စု ဝက္ကသေးကျေးရွာအရှေ့ဖက် ဝက္ကသေးတံတားပေါ်မှာ ရှေ့ဘီးကျွတ်ထွက်ပြီး စစ်ကားတိမ်းမှောက်ခဲ့တာဖြစ်ပြီး ကားပေါ်မှာ တင်ဆောင်ထားတဲ့ ခဲယမ်းမီးကျောက်တွေ ပေါက်ကွဲခဲ့တာကြောင့် ကားပေါ်မှာ လုံခြုံရေးလိုက်ပါလာတဲ့ စစ်သားတွေ သေဆုံးခဲ့တာ ဖြစ်ပါတယ်။
“ဝါးကားကို တိုက်ပြီး ရှေ့ဘီးကျွတ်ထွက်သွားတာ။ ပြီးတော့ မှောက်တာပဲ။ ခဲယမ်းတွေ တရစပ်ပေါက်ကွဲတော့ ကားပေါ်ပါလာတဲ့ စခတွေ ပြေးချိန်မရတော့ဘူး။ သေတဲ့သူနဲ့ ဒဏ်ရာအပြင်းအထန်ရတဲ့သူနဲ့ ဖြစ်ကုန်တာ” လို့ ပြည်သူ့ကာကွယ်ရေးအဖွဲ့ ပုဏ္ဏဝတီ(တောင်တွင်းကြီး)ရဲ့ ပြောရေးဆိုခွင့်ရှိသူက ပြောပါတယ်။
ယာဥ်တိမ်းမှောက်ပြီး တင်ဆောင်လာတဲ့ လက်နက်ခဲယမ်း ပေါက်ကွဲမှုဟာ မိနစ် ၄၀ ကျော် ကြာမြင့်ခဲ့တာကြောင့် ကားပေါ်မှာ လိုက်ပါလာတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင် ၅ ဦး နေရာမှာတင် ပွဲချင်းပြီး သေဆုံးခဲ့ပြီး ၇ ဦးထက်မနည်း ဒဏ်ရာပြင်းပြင်းထန်ထန်ရရှိခဲ့တယ်လို့ သူက ဆက်ပြောပါတယ်။
ယာဥ်တိမ်းမှောက်ရာနေရာကို မိနစ်ပိုင်းအကြာမှာ စစ်ကောင်စီတပ်တွေ ရောက်ရှိလာခဲ့ပြီး ထိခိုက်ဒဏ်ရာရသူတွေကို ပရပ်ကြယ်တိုက်နယ်ဆေးရုံသို့ ပို့ဆောင်ပေးခဲ့သလို အနီးအနားက ဒေသခံတွေကိုလည်း ဆဲဆိုမောင်းထုတ်မှုတွေ ပြုလုပ်ခဲ့တယ်လို့ ကိုယ်တိုင်ကြုံတွေ့ခဲ့ရသူ ဒေသခံတစ်ဦးက ဆိုပါတယ်။
~ ~ ~
ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။