ခိုင်လေး၊ မေလ ၄ ရက်၊ မိုးကုတ်
တအာင်းတပ်မတော် ထိန်းချုပ်ထားတဲ့ မန္တလေးတိုင်း မိုးကုတ်မြို့နယ် ဆင်ခွာရွာကို လေကြောင်းနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် အမျိုးသမီးတစ်ဦး သေဆုံးခဲ့တယ်လို့ မြေပြင်အခြေအနေ သိရှိသူတစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။
ဒီနေ့ မေလ ၄ ရက် မနက် ၁၀ နာရီခွဲက ဆင်ခွာရွာကို လေယာဉ်နဲ့ ပေါင် ၂၅၀ ဗုံး ကြဲချတိုက်ခိုက်ခဲ့တာပဲ ဖြစ်ပါတယ်။
”ဒီမနက် မိုးကုတ်မြို့ ဆင်ခွာရွာမှာ ကြဲတယ်။ အမျိုးသမီးတစ်ဦး သေတယ်။ မနေ့ညနဲ့ ဒီနေ့မနက် ၁၀ နာရီဝန်းကျင်မှာ လေယာဉ်နဲ့ ဗုံးကြဲသွားတာတော့ မှန်တယ်။ ထိခိုက်ဒဏ်ရာ ရတဲ့သူလည်း ရှိတယ်။ အဲဒါတွေကိုလည်း ကျနော်တို့က ဆေးကုထားတာလည်း ရှိတယ်” လို့ မြေပြင်အခြေအနေ သိရှိသူတစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။
မနေ့ မေလ ၃ ရက် မနက်ပိုင်းကလည်း စစ်တပ်က မိုးကုတ်မြို့ကို လေကြောင်းနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် ဒေသခံတစ်ဦး သေဆုံးပြီး ၃ ဦး ဒဏ်ရာ ရခဲ့ပါတယ်။
စစ်ကောင်စီနဲ့ တအာင်းတပ်မတော်တို့ တရုတ်နိုင်ငံ ကူမင်းမြို့မှာ တွေ့ဆုံပြီး ဆွေးနွေးမှု ပျက်ပြီးနောက် စစ်တပ်က တအာင်းတပ်မတော် ထိန်းချုပ်ဒေသ မိုးကုတ်နဲ့ နောင်ချိုမြို့နယ်ထဲ လေကြောင်းတိုက်ခိုက်မှု ပိုလုပ်လာနေပါတယ်။
မေလ ၂ ရက် ညနေပိုင်းက မိုးကုတ်မြို့အရှေ့ပိုင်းနဲ့ အနောက်ပိုင်းကို ဗုံးကြဲတိုက်ခိုက်ခဲ့သလို မနေ့ ညနေပိုင်းမှာလည်း မိုးကုတ်နဲ့ နောင်ချိုမြို့နယ်ထဲ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့ပါတယ်။