ပို့လဘား၊ ဇူလိုင် ၁၀ ရက်၊ ဖားကန့်
ကချင်ပြည်နယ် ဖားကန့်မြို့နယ် လုံးခင်းကျေးရွာအုပ်စု မှော်စီစာကျေးရွာမှာ ဒီနေ့ ဇူလိုင် ၁၀ ရက် နေ့လည် ၁၂ နာရီခွဲက အမျိုးသားတစ်ဦး သေနတ်နဲ့ ထပ်မံပစ်သတ်ခံရတယ်လို့ ဖားကန့်မြို့မှာနေတဲ့ Tarlin Mgက ရွှေဖီမြေကို ပြောပါတယ်။
“SKY Hotel အရှေ့မှာ ပစ်သတ်ခံရတာ။ ချည်ပေါင်းရောင်းနေတဲ့ အမျိုးသားကို သေနတ် ၂ ချက်နဲ့ ပစ်သတ်လိုက်တယ်။ ဘယ်သူဘယ်ဝါပစ်မှန်းလည်း မသိရဘူး” လို့ ပြောပါတယ်။
ပစ်သတ်ခံရသူက အသက် ၄၀ ဝန်းကျင်ရှိတဲ့ ကိုဇော်ဟာ လုံးခင်းကျေးရွာအုပ်စု ငြိမ်းချမ်းသာယာကျေးရွာ ရပ်ကွက်၁ မှာ နေထိုင်သူဖြစ်တယ်လို့ ဆိုပါတယ်။
ပစ်သတ်ခံရတဲ့ အဲဒီအမျိုးသား အလောင်းကိုတော့ လုံးခင်းကျေးရွာက သင်္ဂဟလူမှုရေးအသင်းက သယ်ဆောင်ပြီး သုဿာန်ကို ပို့ဆောင်ပေးခဲ့တာ ဖြစ်ပါတယ်။
ပြီးခဲ့တဲ့ ဇူလိုင် ၂ ရက်နေ့ကလည်း ဖားကန့်မြို့နယ်က မရှီကထောင်ရပ်ကွက်မှာ အမျိုးသားတစ်ဦးက သေနတ်နဲ့ ပစ်သတ်ခံရတယ်လို့ သိရပါတယ်။
ဖားကန့်မှာ တစ်လအတွင်း မူးယစ်ဆေးသမားတွေအပါအဝင် သေနတ်နဲ့ ပစ်သတ်ခံရသူ ၁၃ ဦးနဲ့ ရေထဲမျှောပါသေဆုံးသူ ၂ ဦး ရှိလာပြီဖြစ်တယ်လို့ ဖားကန့်မြို့နေ Tarlin Mg က ရွှေဖီမြေကို ပြောပါတယ်။
ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။