မိုင်းပန်ပျော်၊ ဖေဖော်ဝါရီ ၁၇ ရက်၊ ကွတ်ခိုင်
တအာင်းတပ်မတော်- PSLF/TNLA ထိန်းချုပ်ထားတဲ့ ကွတ်ခိုင်မြို့မှာ ပိုင်ရှင်မဲ့အမျိုးသားအလောင်းတစ်လောင်း တွေ့ရှိခဲ့တယ်လို့ ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။
ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၁၃ ရက်က ကွတ်ခိုင်မြို့နယ် သာယာကုန်းရပ်ကွက်မှာ အဲဒီပိုင်ရှင်မဲ့ အမျိုးသားအလောင်း တွေ့ရှိခဲ့တာလို့ ဖြစ်စဉ်သိရှိသူ အမျိုးသားတစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။
“သာယာကုန်းမှာ ဆေးသမားထင်တယ်။ ရေချောင်းဘေးမှာ သေနေတာ။ ဘယ်ရက်တုန်းက သေတာလဲ မသိဘူး ၁၃ ရက်တုန်းက ရဲတွေ ဖုန်းဆက်လာလို့ ကားယူပြီး သွားသယ်လိုက်တာ”
သေဆုံးတဲ့ အမျိုးသားဟာ အသက် ၃၀ ဝန်းကျင်ရှိပြီး ဘယ်သူလဲဆိုတာကိုတော့ မသိရှိရသေးဘူးလို့ ဆိုပါတယ်။
အလောင်းကို ကွတ်ခိုင်မြို့အခြေစိုက် ဂရုဏာ ပရဟိတအသင်းက သွားရောက်သယ်ဆောင်ခဲ့တာလို့ ဆိုပါတယ်။
ကွတ်ခိုင်မြို့နယ်မှာ စစ်ကောင်စီ ထိန်းချုပ်စဉ်ကတည်းက မူးယစ်ဆေး သုံးစွဲပြီး သေဆုံးတဲ့သူတွေ မကြာခဏ တွေ့ရှိပေမဲ့ အချက်အလက် အသေးစိတ်ကိုတော့ မသိရဘူးလို့ ဆိုပါတယ်။
အလားတူ စစ်ကောင်စီ ထိန်းချုပ်ထားတဲ့ မူဆယ်မြို့မှာလည်း မူးယစ်ဆေးဝါး သုံးစွဲပြီး လမ်းဘေးမှာ သေဆုံးတဲ့ ပိုင်ရှင်မဲ့အလောင်း မကြာခဏ တွေ့ရှိနေပါတယ်။