ရဲမာန်၊ အောက်တိုဘာ ၁၈ ရက်၊ အရာတော်
စစ်ကိုင်းတိုင်း အရာတော်မြို့နယ် သစ်ချိုရွာကို စစ်ကောင်စီတပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် ကလေးငယ်တစ်ဦးအပါအဝင် ၅ ဦးသေဆုံးခဲ့တယ်လို့ အရာတော်မြို့နယ် Local အဖွဲ့အစည်း သတင်းနှင့်ပြန်ကြားရေ တာဝန်ခံ ကိုအောင်စည်က ရွှေဖီမြေကိုပြောပါတယ်။
မနေ့ အောက်တိုဘာ ၁၇ ရက် မနက် ၁၀ ခွဲဝန်းကျင်မှာ ဂျက်ဖိုက်တာနဲ့ ပေါင် ၅၀၀ ဗုံး ၁ လုံးကြဲချတိုက်ခိုက်ခဲ့တာကြောင့် သေဆုံးမှုအပြင် ဒဏ်ရာရရှိသူတွေလည်း ရှိခဲ့တယ်လို့ ၎င်းက ပြောပါတယ်။
“ကျေးရွာအထွက် လမ်းပေါ်မှာ ကျရောက်ခဲ့တာပါ။ အရပ်သားနေအိမ်လေးတွေရှိတဲ့နေရာကို ကြဲချခဲ့တာပါ။ စစ်ရေးပစ်မှတ်တစ်ခုမှမရှိပဲ လေကြောင်းတိုက်ခိုက်ခဲ့တာပါ။ အရပ်သားတွေကို ပစ်မှတ်ထားပြီး တိုက်ခိုက်ခဲ့တာပါ။ စစ်ကြောင်းထိုးခြင်း တိုက်ပွဲ ဖြစ်ပွားခြင်း လုံးဝ မရှိပါဘူး”
အဆိုပါ ကျေးရွာကို လေကြောင်းနဲ့ ဗုံးကြဲတိုက်ခိုက်မှုဟာ ပထမဆုံးအကြိမ်ဖြစ်ပြီး ထိခိုက်ဒဏ်ရာရရှိသူတွေကတော့ လုံခြံတဲ့နေရာမှာ ကုသပေးနေတယ်လို့ ၎င်းက ဆက်ပြောပါတယ်။
လူထုတွေအနေနဲ့ စစ်ကောင်စီတပ်ရဲ့ လေကြောင်းရန်နဲ့ လက်နက်ကြီး အန္တရယ်တို့ကို အထူးသတိရှိကြဖို့ လိုအပ်တယ်လို့ ၎င်းက သတိပေးပြောကြားထားပါတယ်။
လွန်ခဲ့တဲ့ ၃ နှစ်တုန်းကလည်း စစ်ကောင်စီတပ်က အဆိုပါကျေးရွာကို စစ်ကြောင်းထိုးပြီး အရပ်သားပြည်သူ့နေအိမ်တွေကို မီးရှို့ဖျက်ဆီးခဲ့ဖူးတဲ့ ကျေးရွာဖြစ်ပါတယ်။
~ ~ ~
ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှု နားဆင်နိုင်ပါတယ်။