လွေးထွေး၊ ဒီဇင်ဘာ ၉ ရက်
စစ်ကောင်စီထိန်းချုပ်ထားတဲ့ ရှမ်းမြောက် လားရှိုးကနေ ရှမ်းအရှေ့ တာချီလိတ်မြို့သို့ ခရီးသွားတဲ့ လူထုတွေထဲက တအာင်းလူမျိုးတွေကသာ ကားခ ပုံမှန်ထက် ၃ ဆ ပိုပေးနေရတဲ့အပြင် တအာင်းလူမျိုးလို့ ပါတဲ့မှတ်ပုံတင်လည်း ကိုင်ခွင့်မရှိသလို လမ်းတလျှောက်လုံး တအာင်းစကားမပြောရဘူးဆိုတဲ့ သတ်မှတ်ချက်တွေ ရှိနေတယ်လို့ ကိုယ်တိုင်ကြုံခဲ့ရသူတွေရဲ့ ပြောပြချက်အရ သိရပါတယ်။
ပြီးခဲ့တဲ့လ နိုဝင်ဘာ ပထမအပတ်ကစပြီး ၎င်းလမ်းကို အသုံးပြုသွားလာနေတဲ့ တအာင်းလူမျိုးတွေဟာ ပုံမှန်ခရီးသည်တွေထက် ကားခ ၃ဆ ပိုပေးနေကြရတဲ့အပြင် တအာင်းလူမျိုးလို့ရေးသားထားတဲ့ မှတ်ပုံတင်မပြရဘဲ ရှမ်းလူမျိုးလို့ရေးသားထားတဲ့ မှတ်ပုံတင်တွေကိုသာ ကိုင်ဆောင်ခဲ့ကြရပါတယ်။
ကိုယ်တိုင်ကြုံခဲ့ရသူ ကျောက်မဲမြို့နယ်မှ အမျိုးသမီးက “လားရှိုးကနေစထွက်တာနဲ့ ကားဆရာတွေက အဲလိုလုပ်ဖို့ပြောတယ်။ ဂိတ်တွေဘာတွေ အစစ်အဆေးတွေဘာတွေရှိရင် ရှုပ်မှာဆိုးလို့တဲ့” လို့ ပြောပါတယ်။
လားရှိုး-တာချီလိတ် ကားခဟာ ပုံမှန်ခရီးသည် တစ်ဦးကို တရုတ်ယွမ် ၆၀၀ မြန်မာငွေ (၃သိန်း၆သောင်း) ဝန်းကျင်သာရှိပြီး တအာင်းလူမျိုးတွေက ယွမ် ၂၀၀၀ နီးပါး မြန်မာငွေ (၁၂ သိန်း)ဝန်းကျင် ပေးခဲ့ရတာ ဖြစ်ပါတယ်။
ကားခ ဈေးပိုပေးရတာနဲ့ပတ်သတ်ပြီး သိရဖို့ ကားသမားတွေကို မေးမြန်းခဲ့ပေမဲ့ အကြောင်းပြချက်တိတိကျကျ ပြောဆိုတာမရှိခဲ့ကြောင်း နောက်ထပ် အမျိုးသားတစ်ဦးက ဆိုပါတယ်။
”ကားသမားကလည်း ဂိတ်ကဒီလောက်ပြောလို့။ ဂိတ်ကိုမေးတော့လည်း လမ်းမှာ လမ်းကြေးပိုပေးရလို့ဆိုပြီး ဝှေ့ပြောနေကြတာ။ ကျနော်တို့အတွက် အဲလောက်ငွေက ခက်ခဲတယ်လေ။ လူမျိုးရေးခွဲခြားခံရတာက ခံပြင်းတယ်” လို့ ပြောပါတယ်။
လားရှိုး-တချီလိတ်ကြား ကိုးကန့် MNDAA, ဝ UWSA, စစ်ကောင်စီတပ် စုစုပေါင်း ဂိတ် ၇ ခုရှိပြီး ကားသမားတွေက ဂိတ်တိုင်းကိုငွေဆင်းပေးနေရပေမဲ့ ပေးရတဲ့ပမာဏကိုတော့ မသိရကြောင်း အထက်ပါအမျိုးသားက ဆိုပါတယ်။
အလားတူ ပြီးခဲ့တဲ့ အောက်တိုဘာလကလည်း မန္တလေးတိုင်းနဲ့ ရန်ကုန်တိုင်းတွေမှာ ၁၃/ မှတ်ပုံတင် ကိုင်ဆောင်ထားတဲ့ လူထုတွေကို စစ်ကောင်စီတပ်က အစစ်အဆေး တင်းကြပ်ပြီး နေရာတချို့မှာ ဝင်ထွက်ခွင့် ပိတ်ထားသလို တအာင်းလူမျိုးတွေကိုလည်း သွားလာခွင့် ကန့်သတ်ခဲ့ကြောင်း ကိုယ်တိုင်ကြုံခဲ့ရသူတွေက ရွှေဖီမြေကို ပြောဆိုထားဖူးပါတယ်။
~ ~ ~
ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။