ခိုင်လေး၊ မေလ ၁၁ ရက်၊ ဝက်လက်
စစ်ကိုင်းတိုင်း ဝက်လက်မြို့နယ် အနောက်ဘက်ခြမ်းကို စစ်တပ်က တိုက်ပွဲ ဖြစ်ပွားတာမရှိဘဲ လေကြောင်းနဲ့ တိုက်ခိုက်ခဲ့တာကြောင့် ဒေသခံ ၁၀ ဦး သေဆုံးပြီး ၁ဝ ဦး ဒဏ်ရာ ရခဲ့ပါတယ်။
မနေ့ မေလ ၁၀ ရက် ညနေ ၄ နာရီခွဲဝန်းကျင်မှာ မိတ္ထီလာလေတပ်ကနေ တက်လာတဲ့ ဂျက်ဖိုက်တာ ၁ စီးဟာ ရွာတော်ကုန်းရွာကို ပစ်မှတ်ထားပြီး လေကြောင်းနဲ့ ၂ ကြိမ် ဗုံးကြဲ တိုက်ခိုက်ခဲ့ရာ ၁ဝ ဦး သေဆုံးပြီး ၈ ဦး ဒဏ်ရာ ရခဲ့ကြောင်း Wetlet Informational Network ရဲ့ တာဝန်ခံ ကိုနဂါးလေးက ရွှေဖီမြေကို ပြောပါတယ်။
”ဗုံးသီး ၂ ကြိမ် ကြဲသွားတယ်။ ဆယ်ဦး သေဆုံးပြီး ရှစ်ဦးခန့် ပြင်းထန်ထိခိုက်ဒဏ်ရာ ရရှိခဲ့ပါတယ်”
စစ်တပ်ဟာ ဒေသခံ နေထိုင်တဲ့နေရာကို ပစ်မှတ်ထားကာ လေကြောင်းကနေ တိုက်ခိုက်နေတာကြောင့် ဒေသခံတွေအနေနဲ့ ဝေဟင်အသိသတိ ရှိကြဖို့ ဗုံးခိုကျင်း တူးပြီး နေထိုင်ကြဖို့လည်း ကိုနဂါးလေးက ဆက်ပြောပါတယ်။
ဒီနေ့မနက် ၇ နာရီခွဲဝန်းကျင်ကလည်း ဝက်လက်မြို့နယ် အနောက်ဘက်ခြမ်းကို တံတားဦး လေတပ်ကနေ တက်လာတဲ့ ဂျက်ဖိုက်တာ ၁ စီးက လေကြောင်း တိုက်ခိုက်မှု ၂ ကြိမ် ပြုလုပ်ခဲ့တာကြောင့် ဒေသခံ ၂ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ပါတယ်။