ရွှေဖီမြေ၊ အောက်တိုဘာ ၃၁ ရက်၊ ကသာ
စစ်ကိုင်းတိုင်း ကသာမြို့နယ် ညောင်ခြေထောက်ရွာကို စစ်ကောင်စီတပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် ၁၀ နှစ်အရွယ် ကလေးငယ်တစ်ဦးအပါအဝင် ၅ ဦးသေဆုံးခဲ့တယ်လို့ ကသာမြို့နယ် ပြည်သူအုပ်ချုပ်ရေးအဖွဲ့မှ ထုတ်ပြန်ထားပါတယ်။
ပြီးခဲ့တဲ့ အောက်တိုဘာ ၂၉ ရက် ည ၁၀ နာရီဝန်းကျင်မှာ ဂျက်ဖိုက်တာနဲ့ ဗုံး ၃ လုံးကြဲချတိုက်ခိုက်ခဲ့တာကြောင့် အရပ်သား ၇ ဦးလည်း ဒဏ်ရာရရှိခဲ့တယ်လို့ ဖော်ပြထားပါတယ်။
အဆိုပါဗုံးကြဲတိုက်ခိုက်မှုကြောင့် အသက် ၆၀ နှစ်အထက်ရှိ အမျိုးသားတစ်ဦးနဲ့ အမျိုးသမီး ၁ ဦး၊ အသက် ၄၀ နှစ်အထက်ရှိ အမျိုးသမီး ၂ ဦးနဲ့ အသက် ၁၀နှစ်အရွယ် ကလေးငယ်အမျိုးသားတစ်ဦးတို့ သေဆုံးခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။
အဆိုပါဗုံးကြဲတိုက်ခိုက်မှုကြောင့် ဘုန်းကြီးကျောင်းဝန်းအတွင်းရှိ ဓမ္မာရုံနဲ့ ဂရုဏာ ပရဟိတ ကားပျက်ပျက်စီးခဲ့ရတဲ့အပြင် အရပ်သားနေအိမ် ၁၄ လုံးလည်း ထိမှန်ပျက်စီးခဲ့တယ်လို့ ဖော်ပြထားပါတယ်။
အောက်တိုဘာ ၂၉ ရက်တစ်ရက်ထဲမှာဘဲ စစ်ကောင်စီတပ်က စစ်ကိုင်းတိုင်း ဗန်မောက်မြို့ကိုလည်း Y-12 လေယာဉ်နဲ့ ဗုံးသီး ၄၀ ကျော် ကြဲချတိုက်ခိုက်ခဲ့တာကြောင့် အရပ်သားနေအိမ်တွေ ပျက်စီးခဲ့ရတယ်လို့ သိရပါတယ်။
~ ~ ~
ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှု နားဆင်နိုင်ပါတယ်။